ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပေးပို့သော ရခိုင်ပြည်နယ်နေ့သဝဏ်လွှာတွင် ကမန်လူမျိုး အမည်မပါဝင်ခဲ့ခြင်းမှာ စာရိုက်ရာတွင်ကျကျန်ခဲ့ခြင်းသာဖြစ်ဟု တပ်မတော်တာဝန်ရှိသူပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 8.3k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဇန်နဝါရီ ၈/၂ဝ၂ဝ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  (၄၆) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ရခိုင်မျိုးနွယ်စုဝင်အမည်များကို ဖော်ပြရာတွင် ကမန်လူမျိုး အမည်အား ဖော်ပြထားခြင်းမရှိသည်မှာ စာရိုက်ရာတွင် ကျကျန်ခဲ့ခြင်းသာဖြစ်သည်ဟု တပ်မတော် တာဝန်ရှိသူက ကမန်လူမျိုးခေါင်းဆောင်များကို ပြန်လည် ရှင်းလင်းခဲ့သည်ဟု ကမန်အမျိုးသမီးခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါ်စုစုခိုင်က ပြောကြားသည်။

ကမန်တိုင်းရင်းသားများကိုယ်စားလှယ်များဖြစ်ကြသည့်  မဒါလီမြင့်၊ ဦးလှတိုး၊ ဒေါ်စုစုခိုင်၊ ဦးလှတိုးတို့သည်  သဝဏ်လွှာတွင် ကမန်တိုင်းရင်းသားများအား ဖော်ပြထားခြင်း မရှိမှုနှင့် ပတ်သက်၍ တပ်မတော်မှ တာဝန် ရှိသူများနှင့် ဇန်နဝါရီ ၇ ရက် တွေ့ဆုံစဉ်  ဗိုလ်မှူးချုပ်အောင်ကျော်ကျော်က ထိုသို့ ပြောဆိုခဲ့သည်ဟု သူမက ပြောသည်။

“ သူတို့ပြောတာကတော့ ရိုးရိုးသားသား ကျန်လိုက်ခြင်းသာဖြစ်တယ်။ နိုင်ငံရေးနဲ့ ဆက်နွယ်မှုလည်း တစ်ခုမှမရှိဘူး။ ကမန်တိုင်းရင်းသားတွေကို ကျနော်တို့က အမြဲတမ်းအသိအမှတ်ပြုပါတယ်။ တိုင်းရင်းသား အရေးကိစ္စတွေအတွက် ကျနော်တို့က အမြဲတမ်း တံခါးဖွင့်ထားတယ်လို့ ပြောဆိုပါတယ်။”

ကမန်လူမျိုးများ၏ အမည်မပါရှိဘဲဖြစ်သွားခြင်းမှာ ဘာသာရေး၊ နိုင်ငံရေးနှင့် ပတ်သက်မှု မရှိဟု တပ်မတော် တာဝန်ရှိသူများက ပြောဆိုခဲ့သည်ဟု ဆိုသည်။

“ ဒီအထဲမှာ ဘာသာရေး၊ နိုင်ငံရေး တစ်ခုမှ ပတ်သက်မှုမရှိဘူး။ စာရိုက်တဲ့သူတွေမှားသွားတာပါ။ ကျနော်တို့ အမှားကို ကျနော်တို့ ဝန်ခံတယ်ဆိုပြီးတော့ ပြောပါတယ်” ဟု ဒေါ်စုစုခိုင်က ပြောသည်။

ကမန်တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တပ်မတော်မှ တာဝန်ရှိသူများသည် မရမ်းကုန်မြို့နယ်၊ ကုန်းမြင့်သာ တပ်နယ်တွင် အဆိုပါ သဝဏ်လွှာတွင် ကမန်လူမျိုးနာမည် မပါဝင်မှုကိစ္စနှင့် ပတ်သက်ပြီး ယမန်နေ့  နံနက် ၈ နာရီအချိန် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ကမန်ကိုယ်စားလှယ် အဖွဲ့က စစ်တွေမြို့နယ်၊ သင်္ဂနက်ကျေးရွာ အဝင်အထွက်လမ်းကို တပ်မတော်ဖက်မှ တပ်နယ်အတွင်းကျ၍ ပိတ်ဆို့ထားသဖြင့် ဒေသခံများမှာ သွားရေး၊ လာရေး အဆင်မပြေ ဖြစ်နေသည့်အတွက် အဆိုပါ လမ်းအား ပြန်လည်ဖွင့်ပေးရန် တောင်းဆိုခဲ့သည်ဟု သူမကဆက်ပြောသည်။

“ ကမန်တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီးတော့ အခက်အခဲရှိတာတွေကို တင်ပြဆိုပြီးတော့ပြောတယ်။ အဲဒါကြောင့် မဒါလီမြင့်က သင်္ဂနကျေးရွာကို လမ်းမကနေ သွားတဲ့လမ်းကို တပ်ဧရိယာဆိုပြီး ပိတ်ထားတဲ့ အတွက် ရွာကိုသွားဖို့လမ်းမရှိဖြစ်နေတယ်။ လမ်းမရှိဖြစ်နေတဲ့အတွက် ရွာသားတွေက အဝေးကြီးကနေ ပတ်ပြီးတော့ သွားနေရတယ်။ အဲဒါတွေကို ကူညီပေးဖို့အတွက်တောင်းဆိုခဲ့တယ်။ ဒါကို ကူညီပေးဖို့အတွက် သူတို့ဆီကို စာတင်ပေးဆိုပြီးတော့ ပြောတယ်” ဟု ပြောသည်။

တပ်မတော်တာဝန်ရှိသူများက ကမန်တိုင်းရင်းသားခေါင်းဆောင်များကို ယခုခေါ်ယူ တွေ့ခြင်းသည် ပထမဆုံးဖြစ်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ