အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ကူတူပါလောင်ဒုက္ခသည်စခန်းတွင် အုပ်စုနှစ်ခုကြား အပြန်အလှန်တိုက်ခိုက်မှုအတွင်း ၄ ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.3k

နိရဥ္စရာ၊ အောက်တိုဘာ၇/၂ဝ၂ဝ

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်ရှိ ကူတူပါလောင် ဒုက္ခသည်စခန်းတွင် ယမန်နေ့ ညနေပိုင်းက အုပ်စုနှစ်ခု တိုက်ခိုက်မှု အတွင်း လူ ၄ ဦးသေဆုံးခဲ့သည်ဟု The Daily Star အပါအဝင် ဘင်္ဂလာဒေ့ရှ် မီဒီယာများတွင် ဖော်ပြသည်။

၎င်းတိုက်ခိုက်မှုမှာ ဘင်္ဂလာဒေ့ရှ် အထူးမှုခင်းနှိမ်နှင်းရေးရဲ့တပ်ဖွဲ့ ( Rapid Action Battalion/RAB) မှ တက်ကနက်မြို့အနီးရှိ Hoykyang Chakmarkul ဒုက္ခသည်စခန်းမှ လူ ၉ ဦးကို လက်နက်များနှင့် အတူ ဖမ်းဆီးပြီးနောက် ဖြစ်ပွားခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

ကူတူပါလောင် ဒုက္ခသည် စခန်း၊ နေအိမ်အကွက် စီရှိ အုပ်စုနှစ်စုအကြား တိုက်ခိုက်မှုများ၊ တန်ပြန်တိုက်ခိုက်မှုများနှင့် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အပြန်အလှန် တိုက်ခိုက်မှုများသည် ထိုဒေသရှိ အခြားစခန်းသုံးခုမှ လေးခုသို့ ပျံ့နှံ့သွားခဲ့ပြီး ယမန်နေ့ ညနေ ၉ နာရီ ၁၅ မိနစ်ခန့် သတင်းရေးသားသည့် အချိန်ထိ အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားနေသည်ဟု The Daily Star က သတင်းရေးသားသည်။

ဒုက္ခသည်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးကော်မရှင်နာ Shamsuddoza က တိုက်ပွဲများအတွင်း အနည်းဆုံးလူလေး ဦး သေဆုံးခဲ့သည်ဟု The Daily Star သို့ပြောကြောင်း သတင်းတွင် ဆက်လက် ဖော်ပြသည်။

အိုကီးယားမြို့နယ်ရဲစခန်းမှ ရဲအရာရှိ Ahmed Sanjur Morshed က ဒုက္ခသည် စခန်းမှ အလောင်း ၄ လောင်းကိုတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟုဆိုသည်။

ကူတူပါလောင် မှတ်ပုံတင်ဌာနမှ စခန်းဥက္ကဋ္ဌ Hafez Jalal Ahmed ကပြောကြားရာတွင် RAB အဖွဲ့ဝင်များမှ လူကိုးယောက်အားဖမ်းဆီးမှုကို ကူညီသည်ဟုဆိုကာ အုပ်စုတစ်စုက အခြားတစ်ခုအား အပြစ်တင်ရာမှ တိုက်ခိုက်မှု စတင်ဖြစ်ပွားခဲ့သည်ဟု ပြောဆိုသည်။

၎င်းအပြင် လွန်ခဲ့သည့် ၂ ရက်ကလည်း အုပ်စုများအကြား အာဏာကို တည်ဆောက်ခြင်းကြောင့် အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ဒုက္ခသည် အမျိုးသား ၂ ဦး သေဆုံးကာ  ၁၅ ဦးခန့် ဒဏ်ရာ ရရှိခဲ့သည်။ ဒဏ်ရာ ရသူ နောက်ထပ် တစ်ဦးသည် မနေ့က သေဆုံးခဲ့သည်ဟု သိရသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် အပြန်အလှန်တိုက်ခိုက်မှုမှာ ယခင်ရန်ပွဲ၏ အဆက်လည်း ဖြစ်နိုင်ကြောင်း Ahmed ကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ