ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ဘင်္ဂလာဒေရှ့်အစိုးရ၏ ဘာချန်ချာကျွန်းသို့ ဒုက္ခသည်ပို့ဆောင်ရေးအစီအစဉ် လာမည့်အပတ်တွင်စတင်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.8k

နိရဥ္စရာ၊ ဒီဇင်ဘာ၁/၂ဝ၂ဝ

ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံမှ မူဆလင်ဒုက္ခသည်များကို ကော့ဘဇားစခန်းများမှ ဘာချန်ချာကျွန်း(Bhashan Char)သို့ ပြောင်းရွှေ့ခြင်းလုပ်ငန်းကို လာမည့်အပတ်တွင်စတင်မည်ဟု UNB သတင်းကို ကိုးကားပြီး The Daily Star တွင် နိုဝင်ဘာ ၃ဝ ရက်နေ့က သတင်းဖော်ပြသည်။

ဒုက္ခသည် အုပ်စုတစ်စုသည် ပထမအကြိမ် - ဘာချန်ချာကျွန်းသို့ လာမည့်အပတ်ကို နောက်ဆုံးထားပြီးသွားမည်ဟု မျှော်လင့်ရကြောင်း ကော့ဘဇားရှိ ဒုက္ခသည်များ ပြန်လည် ထူထောင်ရေးနှင့် နေရာချထားရေးကော်မရှင်နာ (RRRC) Shah Rezwan မှ ပြောကြောင်း UNB သတင်းဌာက ဖော်ပြသည်။   

ပထမအဆင့်တွင် ဒုက္ခသည် အချို့ကိုစေလွှတ်ပြီး ကျန်သူများကို တဖြည်းဖြည်းချင်း အဆင့်ဆင့် ပို့လိမ့်မည်ဖြစ်ကြောင်း၊  မည်သည့်နေ့ရက်တွင် ရွှေ့ပြောင်းသွားမည်ကို အတိအကျ မသတ်မှတ်ရသေးသော်လည်း ဒုက္ခသည်များကို ဘာချန်ချာကျွန်းသို့ ပေးပို့ရန် ပြင်ဆင်နေကြောင်း သူကပြောကြားသည်။

ယခုနှစ် သြဂုတ်လ ၅ ရက်နေ့က ဒုက္ခသည် ၄ဝ ပါအဖွဲ့တစ်ခုကို ဘင်္ဂလားဒေ့ရှ် စစ်တပ်နှင့် ရေတပ်တို့၏ကြီးကြပ်မှု အောက်ရှိ နဝါခလီခရိုင် ဟတီးယာမြို့နယ်တွင်တည်ရှိသည့် ဘာချန်ချာကျွန်းသို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

ကော့စ်ဘဇားခရိုင်အတွင်းရှိ စခန်းများ၌ ခိုလှုံနေသော ဒုက္ခသည် ၁ဝ သိန်းနီးပါးအနက်မှ ၁ သိန်း အတွက် စတုရန်း ကီလိုမီတာ ၄ဝ ရှိသော ကျွန်းပေါ်တွင် တာကာကုဋေ ၂၃၁၂ တန်ဖိုးရှိ အိမ်ရာစီမံကိန်းတစ်ခုကို ဘင်္ဂလာဒေ့ရှ် အစိုးရမှတည်ဆောက်ခဲ့သည်ဟု သတင်းက ဆိုသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ မူဆလင်ဒုက္ခသည် ၇၅ဝ,ဝဝဝ ခန့်သည် မြန်မာစစ်တပ်၏ ရက်စက်သော စစ်ဆင်ရေး များကြောင့် ဘင်္ဂလာဒေ့ရှ်သို့ ထွက်ပြေးခဲ့ရကြောင်း၊ မြန်မာသို့ ပြန်ရန် ကြိုးပမ်းမှု နှစ်ခုရှိသော်လည်း ရခိုင်ပြည်နယ်ရှိ အခြေအနေများသည် ပြန်သွားရန်လုံခြုံမှု မရှိကြောင်း ပြောဆိုပြီး တစ်ဦးတစ်ယောက်ကိုမှ ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ