သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ပုံပြင်ဟောင်း ပဲ့တင်ထပ် ရခိုင် ၊ မကျေနပ်မှု အခြေခံ သရုပ်လက္ခဏာ နိုင်ငံရေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 3k

စိုင်းထွန်းအောင်လွင်

(က) မြောက်ဦးနယ်က အသံ

၂ဝ၁၆ နှစ်ဆန်းပိုင်းက တိုင်းရင်းသားမီဒီယာ ကွန်ဖရင့်ကို တက်ရောက်ရင်း ရခိုင်တို့၏ ရှေးဟောင်းမြို့တော် မြောက်ဦးသို့ စာရေးသူ ရောက်ခဲ့သည်။

သမိုင်းဝင် ၂ဝ၁၅ ရွေးကောက်ပွဲအပြီး  ၃လ ကျော်အကြာ ဖေဖော်ဝါရီလအတွင်း ကျင်းပသည့် ကွန်ဖရင့်ဖြစ်ရာ ဒေသခံ အသံများပါ စနည်းနာခွင့် ရခဲ့လေသည်။ အထူးသဖြင့် ယင်းကာလမှာ အစိုးရအလွှဲအပြောင်းအတွက် ကြားကာလ ဖြစ်နေရာ မည်သူ အစိုးရအဖွဲ့ဝင် ဖြစ်မည် သမ္မတ ဖြစ်မည် စသည်ကို တနိုင်ငံလုံးက စိတ်ဝင်စားနေသည့် နည်းတူ ဒေသခံများကလည်း အစိုးရ အဖွဲ့ဖွဲ့စည်းမှုကို လည်ပင်း ရှည်ရှည်ဖြင့် မျှော်တလင့်လင့်ဖြင့်ပင်။ ပြည်မနေ ပြည်သူများနှင့် ကွာခြားသည့် ကိစ္စမှာ ဒေသ အခြေပြု ရခိုင် ပါတီမှာ ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ်အများစုတွင် အနိုင်ရရှိထားသည့်အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် မည်သူဖြစ်မည် ဆိုသည့် ကိစ္စမှာ အတော်များများက စိတ်ဝင်စားနေသည့် အကြောင်းအရာပင်။

' ကျွန်တော်တို့ အတွက်တော့ ပြည်နယ် ဝန်ကြီးချုပ်ကို ရခိုင် အမျိုးသားပါတီက ကိုယ်စားလှယ်ကို သတ်မှတ်ရွေးချယ်ပေးရေးဟာ အလွန်အရေးကြီးတဲ့ ကိစ္စဖြစ်တယ်။ ဒါမှ ဒေသခံတွေ ဘာဖြစ်နေတယ် ဘာလို အပ်နေတယ်ဆိုတဲ့ ကိစ္စကို အမျိုးသားရေးတာဝန်ထမ်းမဲ့ ပါတီရဲ့ ကိုယ်စားလှယ်က သိရှိနားလည်ပြီး ဆောင်ရွက်ပေးနိုင်မယ်။ ' လို့ စာရေးသူတို့ တည်းခိုသည့် ဟိုတယ်နှင့်  မလှမ်းမကမ်းရှိ လမ်းဘေး ကွမ်းယာဆိုင် ရောင်းချသူ တဦးက စာရေးသူတို့အား ပြောပြလေသည်။

တွေးကြည့်ပြန်တော့လည်း ဖွံ့ဖြိုးမှု နောက်ကျခြင်း ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု ၊ အလုပ်အကိုင်ရှားပါးမှု ၊ ဘာသာ လူမျိုးအသွင်မတူသည့် လူ့အဖွဲ့အစည်းအကြား ပြဿနာများနှင့် စိန်ခေါ်ချက်များမှာ နှစ်ပေါင်းများစွာ အခြေတည်လာခဲ့သည့် ကိစ္စများပင်။

ရခိုင်ဒေသ ရခိုင်အမျိုးသားတွေ အုပ်ချုပ်ခွင့်ရမှသာ ဒေသခံတွေရဲ့ အခက်အခဲပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဟု စွဲစွဲမြဲမြဲ ယုံကြည်နေကြသူတွေ တပုံတပင်ပင်။

မြောက်ဦးတွင်လုပ်သည့် တိုင်းရင်းမီဒီယာ ညီလာခံတွင်လည်း ရခိုင်နိုင်ငံရေးပါတီများ၊ လူမှု့အသင်းအဖွဲ့များပါ တက်ရောက်ခဲ့ရာ ဗဟိုအစိုးရဖြစ်လာမည့် အန်အယ်လ်ဒီမှ ရခိုင်ပါတီနှင်ေ့ တွ့ဆုံဆွေးနွေးမှု မရှိခြင်းအပေါ် မချင့်မရဲဖြစ်သံသာ တညံညံနှင့်ပင်။

(ခ) ဘူးသီးတောင် နယ်မှ ရခိုင်ကလေးငယ်အသံ

၂ဝ၁၆ ခုနစ်မှာ စာရေးသူအဖို့ ရခိုင်ပြည်နယ်နှင့် ကံစပ်သည်ဟု ဆိုရပေလိမ့်မည်။ မြောက်ဦး ခရီးစဉ်မှ ပြန်လာပြီး လပိုင်း အကြာတွင်ပင် နိုင်ငံခြား သုတေသနသမား တဦးနှင့် အတူ ရခိုင်မြောက်ပိုင်းဒေသဖြစ်သည့် ဘူးသီးတောင် မောင်တော ဒေသတွင် သုတေသန စာရင်းကောက်ယူနိုင်ရေး သွားရောက်ခွင့်ကြုံခဲ့ပြန်သည်။  မွတ်ဆလင်နှင့် ရခိုင် နှစ်ဘက်အသိုင်းအဝိုင်းအား တတ်နိုင်သမျှ လက်လှမ်းမှီသမျှ လိုက်လံတွေ့ဆုံ မေးမြန်းသည့် ခရီးစဉ်ဖြစ်သည့်အပြင် သုတေသနအတွက် ခြုံငုံမိစေရန် မြို ၊ ခမီ နှင့် အခြားတိုင်းရင်းသား အချို့နှင့်ပါ တွေ့ဆုံခွင့်ရခဲ့သည်။

ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းက ရခိုင်ကျေးရွာတရွာသို့ အဝင်တွင် ကလေးသူငယ်များ ကစားနေသည်ကို တွေ့ရလေ၏။

ဟိုမှာ ဗမာစစ်သားတွေ လာပြီ ပစ် ဆိုပြီး  ခန့်မှန်းခြေ အသက် ၇ နှစ်ခန့်အရွယ် ကလေးငယ်တဦးက အော်လိုက်စဉ် ကျန်ကလေးများက ဒက်ဒက်ဒက် ရွှီး ဒိုင်းဆိုပြီး အော်ဟစ်နေသံကိုလည်း ကြားရလေသည်။

အနားမှာ ဖြတ်သွားသည့် ကလေးငယ်တဦးအား မင်းက ဘယ်စစ်သားလဲလို့ မေးလိုက်သည့် အခါ ရခိုင် စစ်သား ဟု ခပ်ပြတ်ပြတ် ဖြေဆိုပြီး လှည့်ထွက်သွားလေသည်။

သာမန် အပေါ်ယံကြည့်လျှင် နှစ်ပေါင်းများစွာ တပ်မတော်သို့ ဝင်ရောက်တာဝန်ထမ်းခဲ့သည့် တိုင်းရင်းသားလူမျိုးစု ဖြစ်သော ရခိုင်တိုင်းရင်းသားများအဖို့ ယင်းကဲ့သို့ စိတ်ဓာတ်များ ကိန်းအောင်းလိမ့်မည်မဟုတ်ဟု အပေါ်ယံအားဖြင့် ယူဆရပေသည်။

သို့သော် ဒေသနှင့် လူမျိုး၏ ကြုံတွေ့ရသည့် အခြေအနေများကြောင့်လော သို့တည်းမဟုတ် ကလေးများ အနေဖြင့် ရခိုင်စစ်သားဆိုသည့် အသုံးအနှုန်း မည်သည့်နေရာမှတဆင့် ကြားသိခဲ့သလော စဉ်းစားချင်စရာ ကိစ္စတရပ်မှာ ခေါင်းထဲသို့ ဝင်လာခဲ့သည်။

ယင်းကာလအထိ ရခိုင် လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် အေအေ ရခိုင့်တပ်မတော်မှာ ရခိုင်ဒေသသို့ ထိုးဖောက်ရန် ပလက်ဝ နယ်မှ တဆင့် ကြိုးပမ်းဆဲဖြစ်ရာ ကီလိုမီတာ ၆ဝဝ ကျော်လောက် ဝေးသေးသည့် ဘူးသီးတောင် ဒေသမှ ရခိုင် ကလေးငယ်များမှာ မည်သည့်အတွက်ကြောင့် ရခိုင်စစ်သားဆိုသည့် အသုံးအနှုန်းကို သုံးကာ ကစားနေကြသနည်းဆိုသည့် ကိစ္စမှာ စိတ်ဝင်စားစရာဖြစ်လာခဲ့သည်။

အမှန်တကယ်တော့ အေအေ ရခိုင် တပ်ဖွဲ့မှာ ၂ဝဝ၉ - ၂ဝ၁ဝ ကာလတွေတုန်းက ကချင် ပြည်နယ်တွင် စတင်ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်ပြီး ၂ဝ၁၄ ခုနစ်က ကျောက်ဖြူတွင် ကျင်းပသည့် ရခိုင် အမျိုးသား ညီလာခံမှသာ ရခိုင်ပြည်နယ်သို့ ညီလာခံတက်ရင်း စနည်းနာရင်း ခေတ္တ ပြန်ရောက်ခဲ့ခြင်းပင်။

( ဂ ) ရှမ်းပြည်ကိုသွားတဲ့ ရခိုင်တွေ

၂ဝ၁၈ စက်တင်ဘာလအတွင်း ရှမ်းပြည်ပြန်ရောက်စဉ် သံလွင်မြစ်ဝှမ်းဒေသတွေကို သွားစနည်းနာမိသည်။

ယခင် SSA အဖွဲ့မှ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းသည့် အဖွဲ့အခြေစိုက် ဒေသတွင် တည်းခိုရင်း အဖွဲ့ခေါင်းဆောင် ဖြစ်သူနှင့် ညစာစားတော့ ရခိုင်အသိုင်းအဝိုင်းတချို့က အဲဒီ ခေါင်းဆောင်ဆီ ဖုန်းဆက် အကူအညီတောင်းနေသံ ကြားရလေသည်။

အကြောင်းကတော့  ပြည်သူ့စစ်အဖွဲ့ နယ်မြေနှင့် ဆက်စပ်နေသည့် သံလွင်တံတား တာကော်တွင် ရခိုင်လူငယ်များအား စစ်တပ်က ရှေ့ဆက်ပေးမသွားပဲ တားထားသည့် အတွက်ကြောင့်ပင်။ ပြည်တွင်းမှာ လွတ်လပ်စွာ သွားလာခွင့်ရှိကြောင်း ရခိုင်အဖွဲ့အစည်းဘက်မှ ပြောပေမင့် ပြည်သူ့စစ်ခေါင်းဆောင်ကတော့ သူ့အနေဖြင့် ဘာမှ မတတ်နိုင်ကြောင်းနှင့် နောက်ထပ် နေ့တဝက်ခန့် ကားဖြင့် မောင်းရင် ရောက်နိုင်သည့် ခရီးဖြစ်သည့် အန်စီအေ အပစ်ရပ်လက်မှတ်မထိုးသေးသည့် မိုင်းလား တပ်ဖွဲ့ဒေသသို့ သွားရောက်မည် ယင်းမှ တဆင့် နယ်မြေချင်း ဆက်စပ်သည့် ဝ ဒေသသို့ ဝင်ရောက်မည်ဟု ယူဆသဖြင့် တပ်က တားဆီးတာ ဖြစ်နိုင်ကြောင်း ပြန်ပြောပြရှာလေသည်။ ( မိုင်းလား နဲ့ ဝ တပ်ဖွဲ့ပါဝင်သည့် FPNCC အဖွဲ့တွင် အေအေ မှာ အဖွဲ့ဝင်ဖြစ်သည်။ )

ယင်းကိစ္စတွင် ရခိုင်လူငယ် အများအပြား တကယ်ပဲ လိုလိုလားလား စစ်သင်တန်းသွားတက်ကြသလားဆိုသည့် ကိစ္စနှင့် အလုပ်အကိုင် ရှားပါး၍ သွားသလော ဆိုသည့် ကိစ္စနှစ်မျိုးပဲ စဉ်းစားစရာ ရှိသည်။ အေအေ မှာ ဝ နှင့် နယ်နိမိတ်ထိစပ်နေသည့် ကိုးကန့်ဒေသတွင် ဖြစ်ပွားသည့် တိုက်ပွဲတွင်ပါ ပါဝင်ခဲ့ဖူးရာ စစ်သင်တန်းဆိုသည့် ကိစ္စမှာလည်း အလေးအနက် စဉ်းစားစရာပင်။ ချဲ့တွေးကြည့်ပါက လစာပင် ရေရေရာရာ သတ်သတ်မှတ်မှတ် မရှိသည့် လက်နက်ကိုင် အဖွဲ့အတွင်းသို့ မည်သည့်အတွက်ကြောင့် လူငယ်တွေ မိုင်ပေါင်း ရာချီ ခရီးကို ကျော်ဖြတ်ကာ စစ်သင်တန်းသွားတက်ကြသနည်း ဆိုသည့် ကိစ္စကလည်း အလေးအနက် စဉ်းစားစရာပင်။ ဥပမာအားဖြင့် မူရင်းတိုင်းရင်းသား မျိုးနွယ်စု တည်ရှိရာဒေသတွင် လှုပ်ရှားသည့် လက်နက်ကိုင် တိုင်းရင်းသားတပ်များမှာ စစ်မှုထမ်းချင်ချင် ဒေသခံရွာသားများကို စစ်သားစုနိုင်သည့် အခွင့်အရေးပိုင်ကြသော်လည်း အေအေ ဌာနချုပ်မှာ မူလဇာတိ ရခိုင်ပြည်မှ မိုင်ပေါင်း ရာချီဝေးသည့် နေရာတွင် ရှိနေသည့် အတွက်ပင်ဖြစ်သည်။

 (ဃ) အလားအလာကောင်းလေမလား တွေးမိပေမယ့်

၂ဝ၁၅ ခုနစ် တကျော့ပြန်ကိုးကန့်တိုက်ပွဲတွင် ကိုးကန့် MNDAA ဘက်မှ စစ်ကူအဖြစ် ဝင်ရောက်ပူးပေါင်းတိုက်ခိုက်ခဲ့သည့် အေအေ မှာ အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေလို ငြိမ်းချမ်းရေးမှာ တန်းတူရည်တူပါဝင်ခြင်း မပြုနိုင်သည့် အခြေအနေအထိ တပ်မတော်၏ ကန့်သတ်မှုကို ခံခဲ့ရသည်။

ရခိုင်မြောက်ပိုင်းမှာဖြစ်ခဲ့သည့် မွတ်ဆလင် အကျပ်အတည်းနောက်ပိုင်းတွင်မူ တရုတ်သြဇာကြီးလာမည့် မြန်မာအနေဖြင့် တရုတ်၏ ငြိမ်းချမ်းရေး ပွဲစားလုပ်ပေးမှုတွင် တစုံတရာ လိုက်လျောရမည့်ဟန် ပြခဲ့ရပေသည်။

အထူးသဖြင့် ယခင်က ကန့်သတ်ထားခဲ့သည့် အေအေ ၊ TNLA ၊ MNDAA တို့နှင့် အစိုးရအကြား တဖွဲ့ချင်း အပစ်ရပ်စဲရေး ပြုလုပ်ပြီး အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးလက်မှတ်ရေးထိုးမှုတွင် ပါဝင်ရေး ( သို့မဟုတ် ) နိုင်ငံရေး ဆွေးနွေးမှုတွင် ပါဝင်ရေး လမ်းစပွင့်လာနေသယောင် အနေအထားမျိုး ပြီးခဲ့သည့် ဒီဇင်ဘာလအစောပိုင်းက ဖြစ်ပေါ်ခဲ့ပါသည်။

ယင်းသုံးဖွဲ့အား ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်ခွင့်ပြုလိုက်ပြီဟု သတင်းတွေက ဆိုလေသည်။

စင်္ကာပူနိုင်ငံ အခြေစိုက် ISEAS-Yusof Isak မှ ဧည့်ပါမောက္ခ ဒေါက်တာ ဂျရတ် မက္ကာသီ၏ Rakhine State Politics a Major Barrier to Rohingya Return ဆိုသည့် သုတေသန ဆောင်းပါးတွင်  ရခိုင်မှာ  ဗမာလူများစု၏ ခြယ်လှယ်မှုကို မကြိုက်သည့် နည်းတူ ၂ဝ၁၅ ခုနစ်နောက်ပိုင်း အဆိုးဆုံး ဆက်ဆံရေး အခြေအနေရောက်လာသည့် ရခိုင် အီလိများ ၊ အန်အယ်လ်ဒီ အစိုးရနှင့် စစ်တပ်တို့အကြား ယိုယွင်းလာသည့် အခြေအနေအပေါ် အသာစီးရယူခဲ့သည် ဟု ယင်း၏ ဆောင်းပါးတွင် ထည့်သွင်းပြောဆိုထားသည်။

ရခိုင်ပါတီမှာ တာဝန်ထမ်းဆောင်သူတဦးနှင့် အေအေ စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်မှာ မိသားစုအဖြစ် တော်စပ်မှု ရှိနေကြောင်းလည်း ဖော်ပြထားပြီး အေအေဘက်ကတော့  ရခိုင်ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ဘုံဦးတည်ချက်သာ ရှိပြီး ရခိုင်အမျိုးသားပါတီ ANP နှင့် အေအေ အကြား တရားဝင် ဆက်သွယ်ဆောင်ရွက်မှု မရှိကြောင်း ငြင်းဆိုထားသည်။

နိုင်ငံရေး မကျေနပ်ချက်များအပေါ် အခြေခံပြီး ရခိုင်အီလိများမှာ ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေး မွတ်ဆလင်များ ပြန်လည်လက်ခံရေး အစိုးရ၏ အစီစဉ်အပေါ် ကန့်ကွက်နေချိန်တွင် ရခိုင့်တပ်မတော်မှာ ယင်းအရှုပ်အထွေးတွင် ပါဝင်ခြင်းမရှိသည့် အပြင် မွတ်ဆလင်ကျေးရွာများကိုလည်း ပစ်မှတ်ထားခဲ့ခြင်း မရှိဆိုသည့် အချက်ကိုလည်း ထောက်ပြထားပါသည်။

ရခိုင်တပ်ဖွဲ့အားငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်ခွင့်ပြုလိုက်သည့် အတွက် ရခိုင်များ၏ နိုင်ငံရေး မကျေနပ်ချက်များကို အတန်ငယ် ပြေလည်သွားစေမည့် လက္ခဏာဖြစ်ပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန် အခြေအနေတရပ်ရရန် လမ်းပွင့်လာနိုင်သည် ဟုလည်း  ဒီဇင်ဘာလ ၂ဝ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည့် ပါမောက္ခ ဂျရတ် မက္ကာသီက ဆိုသည်။ ယင်းအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်များပြန်လာရေးအတွက် တိုက်ရိုက် အကျိုးမဖြစ်စေသည့်တိုင် ရခိုင်များအနေဖြင့် နိုင်ငံရေး မကျေနပ်မှု နည်းပါးလာပါက သဘောထား အတန်ငယ်ပျော့ပြောင်းသည့် ချဉ်းကပ်ပုံသဏ္ဍာန်သို့ ပြန်ဦးတည်နိုင်လိမ့်မည်ဟု ပါမောက္ခက ခန့်မှန်းပါသည်။

သို့သော် ဒီဇင်ဘာလ ၂၁ ရက်နေ့ တပ်မတော်မှ ပြုလုပ်သည့် တဘက်သတ် အပစ်ရပ်စဲရေးအတွက် ကြေညာမှုတွင် ရခိုင်ဒေသမပါလာခဲ့ပေ။ အေအေ အနေဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်ခွင့် ရသည့်တိုင် မူလ ရခိုင်ဒေသတွင် ပြန်လည် အခြေချနိုင်ခွင့် အခွင့်အရေး ဖြတ်တောက် ခံလိုက်ရသကဲ့သို့ ရှိနေပေသည်။

ယင်းကြေညာမှု မတိုင်ခင်ကတည်းကပင် ရခိုင်ဒေသတွင်  တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်နေခဲ့ပြီဖြစ်သည်။

ယခု ၂ဝ၁၉ ခုနစ် ၇၁ နှစ်မြောက်လွတ်လပ်ရေးနေ့ နောက်ပိုင်းတွင်တော့ အားလုံး သိကြသည့် အတိုင်းပင်။

(င) ရှမ်းပုံပြင်ဟောင်း ဆင်တူလာသည့် ရခိုင်

ပြည်ပမှ လာရောက်ကျူးကျော်သူများ ရွှေ့ပြောင်းဝင်ရောက်သူများ အန္တရာယ်မှ ကာကွယ်ရန် ဆိုပြီး အကြောင်းပြသည့် ကိစ္စများမှာ အသစ်အဆန်းတော့ မဟုတ်ပေ။

လွတ်လပ်ရေး ရပြီးစကာလကလည်း ယခင်ခေတ်ကာလများက ပြည်မမှာ ဗမာအုပ်ချုပ်သူအသိုင်းဝိုင်းမှ ဝင်ရောက်စွက်ဖက်နိုင်ခွင့် နည်းပါးလှသည့် ရှမ်းပြည်တွင် ကူမင်တန် အကြောင်းပြပြီး စစ်တပ်မှ ဝင်ရောက်တပ်စွဲခဲ့ကာ ကူမင်တန်ခြိမ်းခြောက်သည့် နယ်မြေပမာဏထက် ကျော်လွန်ပြီး စစ်အုပ်ချုပ်ရေး ကြေညာခဲ့ဖူးပါသည်။

၆၂ အာဏာသိမ်းအုပ်စု၏ အဓိက တာဝန်ရှိသူတဦးဖြစ်သည့် ဗိုလ်မှူးချုပ်အောင်ကြီးမှာ 1952 ခုနစ်က စတင်သည့် ယင်း စစ်အုပ်ချုပ်ရေး တာဝန်ကို အဓိက လက်ခံရယူခဲ့သည်ဖြစ်သည်။

ရှမ်းအရှေ့ပိုင်းဒေသကို ကျူးကျော်လာသည့် ကူမင်တန်ကို မောင်းထုတ်ပေးသည့်အတွက် ရှမ်းအရှေ့ဒေသမှ ပြည်သူအချို့မှာ  စစ်တပ်စွမ်းဆောင်မှုအပေါ် ချီးကျူးမှုများ ရှိခဲ့သော်လည်း ရှမ်းပြည် အချို့ဒေသများတွင်မူ တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှု ၊  စစ်တပ်အမြှောင်တို့၏ နိုင်ငံရေး လုပ်စားမှု ၊ နိုင်ငံရေး စွက်ဖက်မှုများကြောင့် ဗမာ စစ်သား ဗမာတပ် ၊ ဗမာ နယ်ချဲ့ဆိုသည့် အသုံးအနှုန်းများပင် ပေါ်လာခဲ့သည်ဟု ဦးထွန်းမြင့် ( တောင်ကြီး ) ၏ ပြည်တော်သာ ပဒေသရာဇ် ဆိုရှယ်လစ် ရှမ်းပြည်ဆိုသည့် ဆောင်းပါးတွင် ဖော်ပြထားသည်။

တန်းတူညီမျှသော ပြည်ထောင်စု တည်ထောင်ရေး ကတိကဝတ်ဖြင့် ပင်လုံစာချုပ်ကို လက်မှတ်ထိုးခဲ့သည့် ရှမ်းပြည်သားများမှာ ၃ နှစ်အကြာတွင် အခြေခံ ဥပဒေပြင်ပေးမည်ဆိုသည့် ပြည်မ လူများစုကြိုက် ဒီမိုကရေစီ အစိုးရခေါင်းဆောင် ဦးနု၏ ကတိကဝတ် ဖောက်ဖျက်မှုကြောင့် စိတ်ပျက်နေချိန်လည်း ဖြစ်ပေသည်။

ယင်း ၁၉၅၃ ကာလတဝိုက် ရှမ်းပြည် အခြေအနေကို ဦးထွန်းမြင့်က မှတ်ချက်ပြုခဲ့ရာတွင် ' ဖဆပလ ဆိုရှယ်လစ်ခေါင်းဆောင်များအနေဖြင့် ရှမ်းပြည်တွင် ပကတိ ဖြစ်နေသည့် အခြေအနေများကို ရှေ့ရေးအတွေးတွေးကာ အချိန်မီ မပြုပြင်ပါက မလေးလှသော အနာဂတ် ကာလတွင် အကျိုးတရားသည် ရှမ်း- ဗမာ ဆက်ဆံရေးအတွက် ကြီးမားစွာ အန္တရာယ်ပြုလာလိမ့်မည် ' ဟု မှတ်ချက်ပြုခဲ့သည်။

လူများစုအကြိုက်အစိုးရ လက်ထက်တွင် အုပ်ချုပ်ရေး စွက်ဖက် နိုင်ငံရေး စွက်ဖက်မှုများ စစ်တပ်ကကော ပြည်မ အစိုးရကပါ လုပ်လာခဲ့လေရာ အင်္ဂလိပ်ကိုလိုနီလက်ထက်က တပ်နှစ်တပ်ဖြင့် တပြည်လုံး ဥပဒေစိုးမိုးစွာ အုပ်ချုပ်နိုင်သည့် အခြေအနေရှိခဲ့ရာ ရှမ်းပြည်တွင် နောက်ဆက်တွဲ အနေဖြင့် အမျိုးသားရေး လှုပ်ရှားမှု အခြေခံ လက်နက်ကိုင် တော်လှန်ရေး တရပ်ပေါ်လာခဲ့ပေသည်။

ယင်းလှုပ်ရှားမှုကိုလည်း ကူမင်တန် အကြွင်းအကျန်များနှင့် ပူးပေါင်းသည် ဆို၍၄င်း အာဏာစွန့်ရသည့် စော်ဘွားများက အားပေးအားမြှောက်ပြုသည် ဆို၍ ၄င်း ပြည်မ အာဏာပိုင်များက ဟုတ်သော်ရှိ မဟုတ်သော်ရှိ သမုတ်ခဲ့ကြသည်ပင်။  လွတ်လပ်ရေးရပြီး ၁ဝ နှစ်အကြာ ခွဲထွက်ခွင့်အပေါ် အဓိပ္ပာယ်ကောက်ယူမှု များစွာဖြင့်ပင်။ ပြည်မ မီဒီယာများကလည်း ယင်းအချိန်ကပင် ဖက်ဒရယ်တောင်းသည့် အုပ်စုများကို ပုံစံမျိုးစုံဖြင့် သရုပ်ဖော်ခဲ့သည်ဖြစ်ရာ ၆၂ နှစ် စစ်တပ်အာဏာသိမ်းချိန်တွင် ဝမ်းသာ အားရ ဖော်ပြမှုများပင် ရှိခဲ့ပေသည်။

ယခု ရခိုင်ဖြစ်စဉ်တွင်လည်း ARSA တိုက်ခိုက်မှု အကြောင်းပြ နေရာတိုးချဲ့ ဝင်ယူခဲ့သူ စစ်တပ် မှာ AA ကို အာဆာ အကြောင်းပြ ရခိုင်တွင် ခြေချခွင့် မပေးနှင့် အစိုးရတို့မှာ ရခိုင်ဒေသ ကွက်ကျန် အပစ်ရပ်စဲရေးတွင်လည်း သဘောထားတညီတည်း ရှိခဲ့ပြီ ဖြစ်ပါသည်။

လွတ်လပ်ရေးနေ့ နယ်ခြားစောင့် ရဲ ပိုစ့်များ တိုက်ခိုက်ခံရပြီးနောက်ပိုင်း အွန်လိုင်း သတင်းမီဒီယာများ၏ ကွန်းမင့်များ ၊ ရန်ကုန်အခြေစိုက် ပြည်တွင်းမီဒီယာအချို့၏ သတင်းဖော်ပြချက်များနှင့် လူနည်းစု တိုင်းရင်းသားမဟုတ်သည့် သူအများစု၏ လူမှုကွန်ယက် စာမျက်နှာများနှင့် ရခိုင်တိုင်းရင်း မီဒီယာများအပါအဝင် ၊ ရခိုင်တိုင်းရင်းသား အချို့ သုံးစွဲနေသည့် လူမှုကွန်ယက် စာမျက်နှာများတွင် ရေးသားဖော်ပြချက်များ နှိုင်းယှဉ်ပါက ဗမာ - ရခိုင် ဆက်ဆံရေး ဆိုသည့် အသွင် ဆောင်လာသလား စဉ်းစားစရာ ရှိလာပေသည်။

(င) မကျေနပ်မှု၏ နိုင်ငံရေး အမှတ်သရုပ်လက္ခဏာနှင့် ခေတ်သစ် ရခိုင် နေရှင်နယ်လစ်ဇင်

ရခိုင်ရဲ့ တိုင်းရင်းသားဖြစ်မှု အခြေပြု အမျိုးသားရေးဝါဒ ကျင့်သုံးပုံက  ၂ဝ ရာစု အစောပိုင်းက ဗမာ နေရှင်နယ်လစ်ဇင် နဲ့ တောင် ဆင်တူနေတယ်လို့ မကြာသေးခင်ကပဲ မြန်မာ့ အရေးကျွမ်းကျင်သူ တဦးက မှတ်ချက်ပြုခဲ့ပေသည်။

၂ဝ ရာစု အစောပိုင်း အမျိုးသားရေးဝါဒ ပြန်လည်ခေါင်းထောင်လာမှုမှာ  ကိုလိုနီကျွန်ဘဝရောက်နေမှု အပေါ် အခြေခံပြီး မကျေနပ်မှု နစ်နာမှု အပေါ် အမျိုးသားရေး လှုပ်ရှားမှု အသွင်ပြောင်းခဲ့ခြင်း ဖြစ်ပေသည်။

ယင်းကာလကို ကြည့်မည်ဆိုပါက ဗုဒ္ဓဘာသာ ဗမာ ဖြစ်မှုအပေါ် အခြေတည်ခဲ့သည့် အမျိုးသားရေး လှုပ်ရှားမှု အားကောင်းသည်နှင့်အညီ ကိုလိုနီစနစ်နှင်ေ့ ရွှ့ပြောင်းရောက်လာသူများနှင့် အဓိကရုန်းဖြစ်ခဲ့သလို အင်္ဂလိပ်အောက်တွင် အမှုထမ်းသည့် တိုင်းရင်းသားလူမျိုးစုအချို့နှင့်ပါ ဂျပန်ခေတ် ဘီအိုင်အေ ဝင်လာချိန်တွင် ပြဿနာ တက်ခဲ့ဖူးသည်။ မျိုးချစ်စိတ်မှာ ပြင်းထန်လွန်းရင် အတ္တနောမတိ အခြေခံကာ မည်သို့ပင် ဖြစ်စေ ရခိုင်တွင် နှစ်ပေါင်းများစွာ အနည်ထိုင်ခဲ့သည့် ပြဿနာများမှာ ၂ဝ၁၅ ခုနစ်နောက်ပိုင်းတွင် မကျေနပ်မှု အရင်းခံ အမှတ်သရုပ်လက္ခဏာ နိုင်ငံရေးတောင်းဆိုမှု Identity Politics Upsurging အဖြစ် အားကောင်းစွာ ကြီးထွားနေကြပြီဖြစ်သည်။

လက်ရှိ အချိန်ကာလတွင် ကမ္ဘာ့နေရာအနှံ့အပြား ပေါ်ထွန်းလာနေသည့် အမှတ်သရုပ်လက္ခဏာ နိုင်ငံရေး ပေါ်ထွန်းမှု အားကောင်းမှုတွေဟာ အစုအဖွဲ့ အမျိုးအစားအလိုက် နိုင်ငံရေးမကျေနပ်မှုအပေါ် အခြေခံ အားကောင်းလာမှု ဖြစ်သည်ဟု ဖရန်စစ်ဖူကူယားမားက သူ့ရဲ့ Identity ဆိုသည့် စာအုပ်တွင် ထည့်သွင်း ပြောဆိုထားသည်။

Ref; ဦးထွန်းမြင့် ( ဖက်ဒရယ်မူဆိုတာ ဘာလဲ )

Francis Fukuyama; Identity

Rakhine State Politics a Major Barrier to Rohingya Return; ISEAS- Prof. Jerrard Mccarthy

ဆက်စပ် သတင်းများ