သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အာဏာသိမ်းပြီး ခြောက်ရက်အကြာ စစ်မှုထမ်းဟောင်းများဦးဆောင်ပြီး စစ်တွေတွင် တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်မှုတစ်ခုပေါ်ပေါက်ခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 524

ထွန်းခိုင် (တောင်ရင်းကျွန်း)၊ သျှင်မင်းဇံ
နိရဥ္စရာ၊ဖေဖော်ဝါရီ ၈ / ၂၀၂၁

တပ်မတော်က အာဏာသိမ်းပြီး ၆ ရက်အကြာ စစ်မှုထမ်းဟောင်းများ ဦးဆောင်ပြီး အာဏာသိမ်းမှုကို ထောက်ခံကြိုဆိုကြောင်း စစ်တွေမြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်ပွဲကို ဖေဖော်ဝါရီလ ၆ ရက်နေ့ နေ့လယ်က ပြုလုပ်ခဲ့ပြီး စစ်မှုထမ်းဟောင်းများ အပါအဝင် လူပေါင်း ၁၀၀ ကျော်ခန့် ပါဝင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။

ဆန္ဒထုတ်ဖော်သူများသည် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ရုံးရှေ့တွင် စုရုံးခဲ့ကြပြီး လောကာနန္ဒာစေတီအနီး ပလောင်တောင်လမ်းဆုံ အထိ အသွားအပြန် လမ်းလျှောက် ချီတက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်ပြီး မီဒီယာများအား ဖြေကြားရန် တာဝန်ယူထားသူ ဒေါ်သန်းသန်းရီက ပြောကြားသည်။

“တပ်မတော်ကို ထောက်ခံတဲ့အကြောင်းအရာကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ပြသွားတာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ဆောင်ရွက်တဲ့ တပ်မတော်ကို ကြိုဆို ထောက်ခံတဲ့အနေနဲ့ အခုလို လှည့်လည်ပြတာ ဖြစ်ပါတယ် ” ဟု ပြောသည်။
ဆန္ဒထုတ်ဖော်သူများသည် နိုင်ငံတော်အလံနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုပ်ပုံများ အပါအဝင် ဗီနိုင်းများ၊ ပိုစတာများကို ကိုင်ဆောင်ထားပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ပိုစတာများတွင်ရေးသားထားသော စာသားများမှာ “တပ်မတော်ကို အပြည့်အဝထောက်ခံပါသည်။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်။ စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံ ကြိုဆိုပါ၏။ ပြည်သူကိုချစ်သော ပြည်သူကချစ်သော တပ်မတော်အောင်မြင်ပါစီ။ နိုင်ငံတော်အဆင့် စီမံအုပ်ချုပ်ရေးကောင်စီတွင် ရခိုင်တိုင်ရင်းသားပါဝင်ခြင်းအား ဂုဏ်ပြုကြိုဆိုပါ၏။ ထာဝရ ငြိမ်းချမ်းရေးအတွက် ညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်မည်။ တပ်မတော်စွမ်းမှ တိုင်းပြည် အေးချမ်းမည်။ ပြည်ပအားကိုး ပုဆိန်ရိုး အမျိုးသားရေး သစ္စာဖောက်သမား အလိုမရှိ။ တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်။ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့် အညီ ဆောင်ရွက်သော တပ်မတောအား ထောက်ခံပါသည် ” စသည်များ ဖြစ်ကြသည်။

ဆက်စပ် သတင်းများ