သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ANP ဗဟိုကော်မတီဝင်အစည်းအဝေးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်အဖြစ် လက်ခံထားမှုကိစ္စ အဓိကဆွေးနွေးမည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 523

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၈ / ၂၀၂၁

လာမည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် စတင်ကျင်းပမည့် ရခိုင်အမျိုးသားပါတီ (ANP) ၏ ဗဟိုကော်မတီဝင်များနှင့် ရွေးကောက်ခံအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ၏ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်အဖြစ် လက်ခံထားမှုကိစ္စ အဓိကဆွေးနွေးမည်ဟု ၎င်းပါတီ၏ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးဖေသန်းက ပြောဆိုသည်။

“ စစ်တပ် အာဏာသိမ်းပြီးနောက် ပါတီကနေပြီးတော့ စစ်တပ်က ဖွဲ့စည်းပေးလိုက်တဲ့ အထဲမှာ ပါတီခေါင်းဆောင်တစ်ဦး ပါဝင်လာတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပါတီထဲမှာလည်း ဝေဖန်မှုတွေ ရှိနေတယ်။ ပြင်ပကလည်း ဝေဖန်တိုက်ခိုက်ကြတာတွေ ရှိတယ်။ အဲဒီ ကိစ္စတစ်ခု အတွက်လည်း ညီညီမျှမျှဖြစ်အောင် ဆွေးနွေးသွားဖို့ဖြစ်တယ်။ အဲဒီကိစ္စကတော့ အဓိကကိစ္စဖြစ်တယ်” ဟု ပြောသည်။

၎င်းအစည်းအဝေးကို လာမည့် ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ မြောက်ဦးမြို့တွင် ကျင်းပ သွားမည်ဖြစ်ပြီး လက်ရှိ နိုင်ငံရေး အခြေအနေများကိုလည်း ဆွေးနွေးသွားမည်ဟု ဆိုသည်။

“ နောက် ဖြစ်ပေါ်လာမယ့် မြန်မာ့နိုင်ငံရေးနဲ့ ရခိုင်ပြည် နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးသွားမယ်။ မူဝါဒတွေလည်း ချမှတ်သွားမှာဖြစ်တယ်” ဟု ၄င်းက ပြောသည််။

ရခိုင်အမျိုးသားပါတီ (ANP) ဖွဲ့စည်းပုံ ပုဒ်မ ၅၉ (ဃ) တွင် ဗဟိုကော်မတီအစည်းအဝေးကို တစ်နှစ်လျှင်တစ်ကြိမ် ကျင်းပပြုလုပ်ရမည်ဖြစ်ပြီး ၎င်းပုဒ်မအရ ကျင်းပမည်ဖြစ်ကြောင်း အစည်းအဝေးဖိတ်ကြားစာတွင် ဖော်ပြထားသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ပြီးခဲ့သော ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (၅) ဦးအား ထပ်မံတိုးချဲ့ ခန့်အပ်တာဝန်ပေးရာတွင် ANP ပါတီမှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်လည်း ပါဝင်လာခဲ့သည်။

ဆက်စပ် သတင်းများ