ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပျက်စီးစေရေးအတွက် နှစ်ရှည်ထောင်ချခံထားရသည့် ဒေါက်တာအေးမောင်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ဒေါက်တာအေးမောင်၏ ဇနီးဖြစ်သူတောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 5.6k

အိမ်စိုးဖြူ
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁ဝ/ ၂ဝ၂၁

နိုင်ငံတော်ပုန်ကန်မှု၊ အကြည်ညိုပျက်စေမှုတို့ဖြင့် ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံထားရသည့် ဒေါက်တာအေးမောင်နှင့် နိုင်ငံရေးအကျဉ်းသားများကို တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးကို မပျက်စီးစေရေးကို ရည်ရွယ်ပြီး ပြန်လွှတ်ပေးရန် လိုအပ်ကြောင်း ဒေါက်တာအေးမောင်၏ ဇနီးဖြစ်သူ ဒေါ်မြမြသက်က ပြောဆိုသည်။

“ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ဆိုတဲ့ဟာတော့ အသံတွေတော့ ကြားနေရတယ်ပေါ့။ ကျွန်မရဲ့ အမျိုးသားအပါအဝင် နိုင်ငံရေးအကျဉ်သားတွေဆိုတာက NLD အစိုးရလက်ထက်မှာ မတရား ဖမ်းဆီးထားတဲ့သူတွေပေါ့။ အဲဒါတွေကို အခု ဒီစီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်မှာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို မပျက်စီးစေရေးအတွက် ဦးထိပ်ထားပြီးတော့ အကုန်လုံးကိုလွတ်ပေးစေချင်ပါတယ်” ဟု သူမက ပြောသည်။

သူမအနေဖြင့် ဒေါက်တာအေးမောင်ကဲသို့ မတရားသဖြင့် ပုဒ်မများတပ်ကာ ဖမ်းဆီးထားသူများနှင့် နိုင်ငံရေးအကျဉ်သားများအား လက်ရှိ စစ်အစိုးရမှ ပြန်လွှတ်ပေးရန် မျှော်လင့်ကြောင်းဆက်ပြောသည်။

“ NLD အစိုးရကတော့ မတရားပုဒ်မတွေတပ်ပြီးတော့ အန်တီရဲ့ခင်ပွန်းကို ဖမ်းထားတာလေ။ မတရားဘူးဆိုတာလည်း ပြည်သူတွေလည်းသိတယ်။ နိုင်ငံရေးတတ်သိပညာရှင်တွေလည်းသိတယ်။ တိုင်းရင်းသားတွေလည်းသိတယ်။ NLD အစိုးရက မတရားဖမ်းဆီးခဲ့တယ်။ အခုစစ်အစိုးရက အာဏာသိမ်းလိုက်ပြီဆိုတော့ အဲဒါတွေကို အမှုလည်းမမြောက်ဘူး။ ဒီပုဒ်မတွေဟာ မတရားဘူး။ အဲသလိုတပ်မတော်က သဘောထားကြီးကြီးနဲ့ပြန်လွှတ်လိမ့်မယ်လို့ အန်တီထင်ပါတယ်။”ဟု သူမကပြောသည်။

ဒေါက်တာအေးမောင်နှင့် အတူ စာရေးဆရာဝေဟင်အောင်တို့သည် ပြီးခဲ့သည့် ၂ဝ၁၈ ခုနစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့တွင် ပြုလုပ်သည့် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံခြင်း (၂၃၃) နှစ်မြောက်အထိမ်းအမှတ်ဟောပြောပွဲတွင် ၄င်းတို့နှစ်ဦး၏ဟောပြောချက်သည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေနှင့် ငြိစွန်းသည်ဟုဆိုကာ ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရသည်။

ယင်းနောက် ၂ဝ၁၉ ခုနစ် မတ်လ ၁၉ ရက်နေ့တွင် ၄င်းတို့နှစ်ဦးအား နိုင်ငံတော်ပုန်ကန်မှုပုဒ်မ- ၁၂၂ ၊ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ-၅ဝ၅(ခ)တို့ဖြင့် စစ်တွေခရိုင်တရားရုံးမှ ထောင်ဒဏ်နှစ်(၂ဝ)ချမှတ်ခဲ့သည်။
လက်ရှိအချိန်တွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့နှစ်ဦးမှာ ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ထောင်ဒဏ်ကျခံနေရကြောင်းသိရသည်။

၄င်းတို့ နှစ်ဦးလွတ်မြောက်ရေးတွက် ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က လူထုထံမှ အွန်လိုင်းမှတဆင့် ကောက်ခံရရှိသည့် လက်မှတ် ၁၃၅ ခုကို NLD အစိုးရ သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံတို့ထံ တင်ပြတောင်းဆိုခဲ့ကြသည်။

၄င်းအပြင် ရခိုင့်ဦးဆောင်ပါတီကလည်း ဒေါက်တာအေးမောင်ကို ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့က ထုတ်ပြန်သည့် သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၂ဝ၂ဝ ခုနစ်အောက်တိုဘာလအထိ ဒေါက်တာ အေးမောင် ပါအဝင် နိုင်ငံရေးအကျဉ်သား ၃၄ ဦးနှင့်၊ ထောင်တွင်း အမှုရင်ဆိုင်နေရသူ ၁၅ဝ ကျော်နှင့် ထောင်ပြင်ပမှ အမှုရင်ဆိုင်နေရသူဦးရေ ၃ဝဝ ကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းအရသိရသည်။

ဆက်စပ် သတင်းများ