သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တာဝန်မှယာယီရပ်စဲခံလိုက်ရသောစစ်တွေတက္ကသိုလ်မှဆရာ/ဆရာမ ၃၅ ဦးထဲတွင် CDM လုပ်နေသူ ၃၁ဦးနှင့်အကြောင်းမဲ့ပျက်ကွက်သူ ၄ ဦးပါဝင်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 4.3k

ထွန်းခိုင် (တောင်ရင်းကျွန်း)၊ သျှင်မင်းဇံ

နိရဉ္စရာ၊ မေ ၇/၂၀၂၁

တာဝန်မှ ယာယီရပ်ဆိုင်းခံလိုက်ရသည့် စစ်တွေတက္ကသိုလ်မှ ဆရာ ၊ ဆရာမ ၃၅ ဦးတွင် CDM လုပ်နေသူ ၃၁ ဦးနှင့် အကြောင်းမဲ့ (ခွင့်မဲ့) ပျက်ကွက်သူ ၄ ဦးပါဝင်သည်ဟု စစ်တွေတက္ကသိုလ် စီမံဘဏ္ဍာမှတာဝန်ရှိသူဆရာတစ်ဦးက ပြောသည်။

ဆရာ ဆရာမ  ၃၅ ဦးအား ပြန်လည်အလုပ်ဝင်ရန် သုံးကြိမ်၊ သုံးခါ တိုင်တိုင် ခေါ်ယူခဲ့သော်လည်း အလုပ်ပြန်မဝင်သဖြင့် အလုပ်က ယာယီရပ်ဆိုင်းရန် အဆင့်မြင့်ပညာဦးစီးဌာန၏ စာပေးပို့ချက်အရ ၎င်းတို့အား တာဝန်ရပ်စဲရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

တာဝန်မှ ရပ်စဲတယ်ဆိုတာကတော့ အဲဒီဆရာ၊ ဆရာမတွေက ဌာနချုပ်နဲ့ ကင်းကွာနေကြတဲ့ အတွက်  အဲဒါကို အဆင့်မြင့်ပညာဦးစီးဌာနက ၅ ရက်နေ့ ရက်စွဲနဲ့  စာဝင်လာပါတယ်။ သူတို့ကို တာဝန်မှ ယာယီရပ်ဆိုင်းပါ။ ပြီးတော့ သူတို့ကို ဌာနဆိုင်ရာအဖွဲ့ စစ်ဆေးပါဆိုပြီးတော့ အဆင်မြင့် ပညာဦးစီးဌာနက စာဝင်လာပါတယ်။ စာဝင်လာတဲ့အတွက် အဲဒီ ဆရာ၊ ဆရာမတွေကို ဆရာတို့က တာဝန်မှ ယာယီရပ်လိုက်တာဖြစ်ပါတယ်။ ဟုဆိုသည်။

စစ်တွေတက္ကသိုလ်တွင် သင်ကြားရေး ဆရာ၊ ဆရာမ (၂၃၄)  ဦးရှိသဖြင့် ဆရာ/ ဆရာမ ၃၅ ဦးကို  တာဝန်မှ ယာယီရပ်ဆိုင်းလိုက်သော်လည်း သင်ကြားရေးကို ထိခိုက်နိုင်မည်မဟုတ်ဟု ဆိုသည်။

ဆရာတို့ကလည်း ဆရာတို့ရဲ့ ပါချုပ်နဲ့ ညှိနှိုင်းချက်အရတော့ သင်ကြားရေးတာဝန်တွေကို ဆက်ပြီးတော့ လည်ပတ်နိုင်တဲ့ သဘောရှိတယ်။ အခက်အခဲတွေကတော့ သိပ်မရှိလောက်ပါဘူး။ ၃၅ ယောက်က အဲလိုဖြစ်နေတယ်ဆိုတော့ ၂၀၀ ယောက်လောက် ကျန်သေးတာပေါ့။ ဒါကို ဆရာကြီးနဲ့ ဆရာရဲ့ ညှိနှိုင်းချက်အရကတော့ သင်ကြားရေးတာဝန်ကို ဆက်ပြီးတော့ လုပ်နိုင်တဲ့ သဘောရှိပါတယ်။ ဟုပြောသည်။

ယာယီတာဝန်မှ ရပ်ဆိုင်းခံလိုက်ရသူများအထဲတွင် ဒေါ်ရည်မွန်ဦး(တွဲဖက်ပါမောက္ခ၊ အင်္ဂလိပ်စာဌာန)၊ ဒေါက်တာဝင်းမြိုင် (တွဲဖက်ပါမောက္ခ၊ ပထဝီဝင်)၊ ဦးစစ်သူအောင်(ကထိက၊ အဏ္ဍဝါသိပ္ပံ)၊ ဒေါက်တာ ကျော်မင်းနိုင်( တွဲဖက်ပါမောက္ခ၊ မြန်မာစာ)၊ ဒေါက်တာတင်တင်လတ်(ပါမောက္ခ၊ ဒဿနိက)၊ ဒေါ်ယွန်းမှီမှီသင်း(နည်းပြ၊ဒဿနိက)၊ ဒေါက်တာစိုးစိုးသင်း(တွဲဖက်ပါမောက္ခ၊ ရူပဗေဒ)၊ ဒေါက်တသူဇာအေး (ပါမောက္ခ၊ မြန်မာစာ)၊ ဒေါက်တာခင်မာယာ(တွဲဖက်ပါမောက္ခ၊ မြန်မာစာ)၊ ဒေါက်တာ ခင်မြင့်အေး(ပါမောက္ခ (ဌာနမှူး)၊ ပထဝီဝင် စသည့် ဆရာ ဆရာမများ အပါအဝင် ၃၅ ဦးဖြစ်သည်။

စစ်တွေတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်က လက်မှတ်ရေးထိုး ထုတ်ပြန် ထားသည့် စာထဲတွင် ၎င်းဆရာ ဆရာမ ၃၅ ဦးအား (၃-၅-၂၀၂၁) နေ့မှ စ၍ တာဝန်ယာယီ ရပ်ဆိုင်းလိုက်သည်ဟုလည်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ဆက်စပ် သတင်းများ