ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင် အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ ၁၇၁ဦး တာဝန်မှယာယီရပ်စဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 268

ချစ်အိလှိုင်၊ ဆောင်းဇာခြည်

နိရဥ္စရာ၊ မေ ၁၂/ ၂ဝ၂၁

ရခိုင်ပြည်နယ် အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ ၁၇၁ ဦးကို တာဝန်မှယာယီရပ်စဲသွားမည်ဟု သတင်းရရှိသည်။

၄င်းဆရာ၊ ဆရာမများမှာ ခွင့်မဲ့ ပျက်ကွက်သူများဖြစ်သည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“ဒီ ၁၇၁ ဦးကို မနေ့ကပဲ နှစ်နာရီကြာ အွန်လိုင်းအစည်းအဝေး(zoom meeting) မှာ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ရယ်၊ ညွှန်မှူးရယ်နဲ့ ပြည်နယ်တိုင်းပညာရေးမှူးတွေအစည်းအဝေးမှာ ပြောပါတယ်။ တရားဝင်စာတွေထွက်ပါတယ်” ဟုပြောသည်။

မေလ ၇ ရက်နေ့ထိ ကျောင်းတက်သူများကို လက်ခံပြီး ယင်းရက်နောက်ပိုင်း ကျောင်းမလာသည့် ဆရာ  ဆရာမများကို ယာယီရပ်စဲမည်ဟု သိရသည်။

သို့သော်လည်း ၎င်းအထဲမှ ယမန်နေ့ မေလ ၁၁ ရက်နေ့ အထိ ပျက်ကွက်ရသည့် အကျိုးအကြောင်းကို တင်ပြလာသူများကို စိစစ်၍ ပြန်လက်ခံပေးရန် စဉ်းစားထားကြောင်း ပညာရေးမှူးက ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် မေလ ၃ ရက်တွင် ဆရာ၊ဆရာမများအား ကျောင်းတက်ရန် ညွှန်ကြားခဲ့ပြီး မေလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် ပျက်ကွက်ဆရာ၊ ဆရာမ ၇၇၄ ဦးရှိခဲ့သည်။

ယင်းအထဲတွင် မီးဖွားခွင့်၊ ဆေးခွင့်နှင့် ပင်စင်ကြိုတင်ခံစားခွင့်ရှိသူများလည်း ပါဝင်သဖြင့် နုတ်လိုက်ရာ ပျက်ကွက်သူ စုစုပေါင်း၂၄ဝ ဦး ရှိခဲ့သည်ဟု သိရသည်။

ယင်း ၂၄ဝဦးထဲမှ တချို့ ကျောင်းပြန်တက်သဖြင့် မေလ ၆ ရက်နေ့တွင် ၁၉၅ ဦးပျက်ကွက်ခဲ့ကြောင်း၊ မေလ ၇ ရက်နေ့တွင်မူ ၁၇၁ ဦးရှိခဲ့ကြောင်း ပြည်နယ် ပညာရေးမှူး ဦးတင်သိ်န်း၏ ပြောပြချက်အရသိရသည်။

ရခိုင်ပြည်နယ်လက်ရှိ အခြေခံပညာ( ထက်/ လယ်/မူ)  ၃၃ဝ၉ ကျောင်းရှိကာ၊ ပညာရေးဝန်ထမ်း ၂၉ဝဝဝ ခန့်ရှိကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ရုံးမှ စာရင်းအရသိရသည်။

၎င်းပြင် စစ်တွေတက္ကသိုလ်နှင့် တောင်ကုတ်တက္ကသိုလ် ၂ ခုမှ ဆရာ ဆရာမ ၈၇ ဦးကိုလည်း CDM ဝင်မှုနှင့် ခွင့်မဲ့ပျက်ကွက်မှုကြောင့် တာဝန်မှ ယာယီရပ်စဲထားကြောင်း သိရသည်။

ဆက်စပ် သတင်းများ