အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်မှ ၂ဝ၁၉ ခုနှစ်တက္ကသိုလ်ဝင်တန်း ထူးချွန်ဂုဏ်ထူးရကျောင်းသား ၈၈၄ ဦးအား ဂုဏ်ပြုဆုများချီးမြင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 7.6k

ခိုင်လင်း
နိရဥ္စရာ၊ ဇူလိုင် ၂၈/ ၂ဝ၁၉

ရခိုင်ပြည်နယ်မှ၂ဝ၁၉ ခုနှစ် တက္ကသိုလ် ဝင်တန်း ဂုဏ်ထူးရထူးချွန်ကျောင်းသား ကျောင်းသူ ၈၈၄ ဦးကို ရခိုင်ပြည်နယ်အစိုးရက ဂုဏ်ပြု ဆုချီးမြင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၉ နာရီ တွင် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ပြုလုပ်ခဲ့သည်။

ဆုချီးမြင့်ရာတွင် ၆ ဘာသာဂုဏ်ထူးရရှိသူအား သိန်း (၂ဝ)၊ ၅ ဘာသာဂုဏ်ထူးရသူ  (၁၅) သိန်း၊ဂုဏ်ထူး ၄ ဘာသာရသူ (၁၂) သိန်း၊ ၃ ဘာသာရသူ (၈) သိန်း၊ ၂ ဘာသာ (၁) သိန်းနှင့် ၁ ဘာသာရရှိသူအား ၅ သောင်းကျပ် အသီးသီးဆုချီး မြင့်ခဲ့ကြောင်း သိရသည်။

“ ကျောင်းသားတွေကတော့ အခုဒီခန်းမထဲမှာ ဆုရတဲ့ကျောင်းသားတွေကိုပဲတက်ရောက်ခွင့် ပေးထားတယ်။ ဒီလိုဆုရတဲ့ဟာတွေကို  ကလေးတွေမြင်ပြီး အားကျစေချင်တဲ့အတွက်ကြောင့်ပါ။ သူတို့လည်းရချင်စိတ်တွေဖြစ်လာအောင်လို့ပါ။ ကျောင်းသား/ ကျောင်းသူတွေကလည်း ဂုတ်ထူးရတဲ့ကျောင်းသားတွေ ဆုယူတာမျိုး ရချင်စိတ်တွေပေါ်လာပြီး ကြိုးစားလာဖို့ ဒီအခန်းအနားကို ပြုလုပ်ရတာပါ။ ” ဟု ရခိုင်ပြည်နယ် ပြည်နယ်ပညာရေးမှူး ဦးအေးသိန်းကပြောသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ်ဂုဏ်ထူးရကျောင်းသားများမှာ ၆ ဘာသာဂုဏ်ထူးရှင် ၁၆ ဦး၊ ဂုဏ်ထူး ၅ဘာသာရရှိသူ ၂၂ ဦး၊ ၄ဘာသာရရှိသူ ၂၆ ဦး၊ ၃ ဘာသာရရှိသူ ၄၇၊ ၂ ဘာသာ ၁၄၄ ဦးနှင့် ၁ ဘာသာ ၆၂၉ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ယခုကဲ့သို့ ပညာတက္ကသိုလ်ဝင်စာမေးပွဲးတွင် ထူးချွန်စွာအောင်မြင်ကြသူများအား ပညာရည်ချွန်ဆုချီးမြင့်ပွဲးအခမ်းအနားကို ပြုလုပ်ရခြင်းမှာ ထူးချွန်သောကျောင်းသားများအား ဆုချီးမြင့်ခြင်းနှင့် လာမည့်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေရမည့်ကျောင်းသားများက လက်ရှိဆုရရှိသောကျောင်းသားများအား အတုယူတတ်စေလို၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

“ အခုလိုဆုရတဲ့အတွက်ပျော်ပါတယ်။ သမီးက ဆေးကျောင်းတက်ဖို့ စဉ်းစားထားပါတယ်။ အခုဆုရရှိဖို့အတွက် တစ်နေ့စာတစ်နေ့ ပုံမှန်ဖတ်ခဲ့ရပါတယ်။ အကြွေးမထားခဲ့ဘူး။ ကိုယ့်အားနည်းချက်ရှိတဲ့ ဘာသာတွေကိုလည်း အချိန်ပိုပေးပြီး လုပ်ဖြစ်ခဲ့ပါတယ်။အခက်အခဲတွေ နားမလည်တာတွေရှိရင် ဆရာမကိုမေးတယ်။ ရခိုင်ပြည်နယ်ပညာရေးတိုးတက်ဖို့ဆိုရင်တော့ ကျောင်းသားတိုင်း ကိုယ်စီကိုယ်စီ တတ်နိုင်တဲ့ဖက်က ကြိုးစားဖို့ အကြံပြုချင်ပါတယ်။ ” ဟု စစ်တွေ အထက(၁) မှ ၆ ဘာသာဂုဏ်ထူးရှင် မစုရည်မွန်ဖြိုးက ပြောသည်။

အဆိုပါဆုပေးပွဲအား ယနေ့ နံနက် ၉ နာရီကစတင်ခဲ့ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ၊ လုံခြုံရေးနှင့် နေစပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆရာဆရာမများ၊ ကျောင်းသူ ကျောင်းသားများနှင့် ရပ်မိရပ်ဖများတက်ရောက်ခဲ့ပြီး  မွန်းလွှဲ ၁၂ နာရီတွင် အောင်မြင်စွာပြီးဆုံးကြောင်း သိရသည်။

ဆက်စပ် သတင်းများ