ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

H1N1 ကောလာဟလသတင်းကြောင့် စစ်တွေမှ ပရဟိတကျောင်း ပညာသင်ကြားရေးအခက်တွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 9.6k

ခိုင်လင်း

နိရဥ္စရာ၊ သြဂုတ် ၃/ ၂ဝ၁၉

H1N1 ရောဂါရှိသည်ဟု ကောလာဟလသတင်းများကြောင့် စစ်တွေမြို့ရှိ ရင်ခွင်ရိပ်ပရဟိတ ပညာသင်ကျောင်းမှ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရေး အခက်အခဲ တွေ့နေကြသည်ဟု သတင်းရရှိသည်။

 “ လတ်တလောဖြစ်နေတဲ့ ကိစ္စကတော့ ကလေးတွေ ဖျားတာတွေရှိတော့ဆေးရုံကို ပို့တယ်။ အဲဒီမှာ H1N1 ရောဂါ ရှိတယ်ဆိုပြီးသတင်းတွက်သွားတယ်။ တကယ်တော့ ဘာမှ မဟုတ်ဘူး။ သတင်းထွက်သွားတော့ အပြင်ကနေ လာပြတဲ့ ဆရာ၊ ဆရာမတွေက စာပြဖို့မလာတော့ဘူး။ ခေါ်ရင်လည်း မလာဘူး။ ဆရာတွေထွက်သွားတဲ့အချိန်ကစပြီး ဆရာတွေ တစ်ယောက် နှစ်ယောက်လောက်ပဲ လာတယ်။ ဘာသာရပ်တွေက မပြည့်စုံဘူး။ ဒါကြောင့် ကလေးတွေ ပညာသင်ကြားရေး အခက်အခဲ ဖြစ်နေကြရတယ်” ဟု ရင်ခွင်ရိပ်ပရဟိတပညာသင်ကျောင်း၊ သံဃရာဇာကျောင်းတိုက် ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တစန္ဒဝရက  မိန့်ကြားသည်။

၎င်းပရဟိ ပညာသင်ကျောင်းကို မောလိပ် တွဲဖက် အထကနှင့် တွဲထားခြင်း ဖြစ်ပြီး ကျောင်းသား ကျောင်းသူ ၁၉၈ ဦးရှိကြောင်း သိရသည်။ အများစုမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များမှ လာရောက် ပညာသင်ကြားကြသူများ ဖြစ်ကြပြီး  ဆယ်တန်းတွင် (၁၁၅) ဦး၊ ၉ တန်းတွင် (၆၃)ဦး ၊ ၈တန်း (၉) ဦး၊ ၇တန်း (၇) ဦးနှင့် ၄ တန်း (၂) ဦး စုစုပေါင်း (၁၉၈) ဦး ရှိကြောင်း ဆရာတော်က မိန့်ကြားသည်။

“ ကလေးတွေဖျားတယ် ဆေးရုံတွေတက်ရတယ်ဆိုတော့ ကျောင်းအုပ်ဆရာမကြီးက ကျောင်းတစ်ပတ် ပိတ်ပေးလိုက်တယ်။ တခြားကျောင်းသားတွေက ဒီကျောင်းက ကျောင်းသားတွေမှာ H1N1 တွေ့တယ်။ ဒါကြောင့်ကျောင်းပိတ် လိုက်တယ် ဆိုပြီးသတင်းက ထွက်သွားတယ်။ သတင်းထွက်သွားတော့ ဒီကကျောင်းသားတွေ ကျောင်းသွားတက်တဲ့အခါ မတူလလို မတန်သလို ဆက်ဆံကြတယ်။ သူတို့ဆီကို ကူးစက်သွားမလိုလို အဲလိုဖြစ်နေတယ်။ ဦးဇင်းတို့ ကျောင်းကကျောင်းသားတွေက တခြားနေရာတွေသွားတဲ့ အခါ အားငယ် စိတ်တွေဝင်သွားတယ်” ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။

၎င်းပရဟိတပညာသင်ကျောင်းအား ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်လုံးရှိ ကလေးများ အခြေခံပညာသင်ကြားနိုင်ရေး၊ ကျောင်းသားမိဘများ၏ အခက်အခဲများကို ကူညီ ဖြေရှင်းပေးနိုင်ရေးနှင့် ဘာသာရေးအသိဉာဏ်များရရှိရေးတို့ အတွက် ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

မောလိပ် ကျောင်းမှတာဝန်ခံ အထက်တန်းပြကျောင်းဆရာ ဦးကျော်စိန်လင်းက “ကျွန်တော်တို့က နယ်ကလာတဲ့ ကလေးတွေဆိုတော့ မောလိပ် ကျောင်းက ဆရာ၊ ဆရာမတွေက ခွဲခြားဆက်ဆံမှုမရှိပါဘူး။ အဲ့ဒီကလေးတွေရဲ့ဝေယာဝိစ္စတွေကိုပဲ လိုက်ပြီးဖြေရှင်းပေးတဲ့ဆရာဆရာမတွေရှိတယ်။ မောလိပ်ကျာင်းက ဆရာ၊ ဆရာမတွေက ရင်ခွင်ရိပ်ပရဟိတကျောင်းမှာ စာပြတဲ့ဆရာဆရာမတွေမရှိပါဘူး။ ခေါ်လည်းမခေါ်ပါ၊ မခေါ်လို့လည်းတစ်လ နှစ်လကြာသွားပြီ။ အဲ့ကျောင်းမှာ အပြင်က ဆရာဆရာမတွေနဲ့ပဲပြကြတာပါ” ဟု ပြောသည်။

ယခုကဲ့သို့ ရောဂါရှိသည်ဆိုသော သတင်းကြောင့် ဆိုးကျိုးအနေဖြင့် ကျောင်းသားမိဘတွေစိုးရိမ်ပြီ ကျောင်းသား/သူ ၁ဝ ကျော် ၂ဝ လောက်ထွက်သွားခဲ့ကြသည်ဟု သိရသည်။

“ သားသမီးကကျောင်းမတက်ရဆိုလို့ အခြေနေဘယ်လိုလဲဆိုတာ လာကြည့်တာ။ ကျောင်း မတက်ရတာ လခွဲလောက်ရှိပြီ ဆယ်တန်းတက်နေတာဆိုတော့ မိဘအနေနဲ့ စိုးရိမ်တယ်။ အခြေနေဘယ်လိုလဲဆိုတာကိုတော့ တစ်ပတ်လောက်စောင့်ဆိုင်းရမယ်။ ဒီထက် ပိုဆိုး လာရင်တော့ သမီးလေးကိုခေါ်သွားရမယ်။ သမီးလေးကတော့ဘာမှမပြောဘူး ကျောင်းမတက် ရတာကိုပဲပြောတယ်” ဟု ပေါက်တောမြို့နယ် ကြိမ်ပင်မကျေးရွာမှ မငြိမ်းငြိမ်းဆွေမိခင် ဒေါ်အေးမူကပြောသည်။

၎င်းကျောင်းတွင် ဆရာ၊ ဆရာမများရောက်မလာ၍ စာမသင်ရသည်မှာ လခွဲ ၁၅ ရက်ခန့် နီးပါး ရှိနေပြီဖြစ်ကြောင်း၊ ကျောင်းသား မိဘများအနေဖြင့် ပညာရေး ထိခိုက်မည်ကို စိုးရိမ်နေကြကြောင်း  သူမ ပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများလည်း  ပရဟိတ ကျောင်းသို့ ရောက်ရှိလာပြီး H1N1 ရောဂါနှင့်ပတ်သက်၍ ရောဂါ ဖြစ်ပွားသူ မတွေ့ရှိကြောင်း၊ ကျောင်းသား ကျောင်းသူများ အနေဖြင့် စိုးရိမ်စရာမရှိကြောင်း၊ ကျောင်းသန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းမှုများ ဂရုတစိုက် ပြုလုပ်ကြရန်  ရှင်းလင်းပြောကြားမှုများ ပြုလုပ် ထားကြောင်း သိရသည်။

ရင်ခွင်ရိပ်ပရဟိတ ပရဟိတပညာသင်ကျောင်းသည် ၂ဝ၁ဝ ခုနှစ်က မူကြို၊ ကွန်ပျူတာ၊ ကိုရီးယားဘာသာ သင်တန်းများကို ၂ဝ၁၄ ခုနှစ်ထိဖွင့်လှစ်ခဲ့ပြီး အခက်အခဲများကြောင့် ပိတ်လိုက်ရသည်ဖြစ်၍ ၂ဝ၁၇ ခုနှစ်တွင်တစ်ဖန်ပြန်လည်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ