ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်မှ တက္ကသိုလ်၊ ကောလိပ်ကျောင်း ၄ ခုတွင် ဆန္ဒဖော်ထုတ်မှု ဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 9.7k

နီမင်းထွန်း
နိရဥ္စရာ၊ သြဂုတ်လ၂၆/ ၂ဝ၁၉

ရခိုင်ပြည်နယ်မှ တက္ကသိုလ် ၃ ခုနှင့် ကောလိပ်ကျောင်းတစ်ခုတို့တွင် ယနေ့ သြဂုတ် ၂၆ ရက်နေ့၌ တစ်ပြိုင်တည်း ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိသည်။

၎င်းတက္ကသိုလ်နှင့် ကောလိပ်များမှာ စစ်တွေတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၊ နည်းပညာတက္ကသိုလ်(စစ်တွေ)နှင့် တောင်ကုတ် ဒီဂရီကောလိပ်တို့ ဖြစ်ကြသည်။

၎င်းတက္ကသိုလ်နှင့် ကောလိပ်တို့၏ ကျောင်းသားသမဂ္ဂမှ အဖွဲ့ဝင် ကျောင်းသူ ကျောင်းသားများသည် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင် ကျောင်းသား ကျောင်းသူများအရေး၊ ရခိုင်ပြည်နယ်ပညာရေး တိုးတက် ကောင်းမွန်ရေးတို့ကို အဓိကထား ထည့်သွင်း တောင်းဆိုခဲ့ကြသည်။

တောင်းဆိုသည့် အချက်များထဲတွင် စစ်ဘေးရှောင် ကျောင်းသူ ကျောင်းသားများ ကောင်းမွန်စွာ ပညာသင်ကြားခွင့်ရရေး၊ ၎င်းတို့အား အစိုးရမှ ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်ရေး၊ ကျောင်းသား ကျောင်းသူများကို ဖမ်းဆီးခြင်းမှ ရပ်တန့်ရေး၊ ရခိုင်ပြည်နယ်အတွက် ပညာရေး ဘတ်ဂျက် တိုးမြှင့်ချထားပေးရေး စသည့် အချက်များ ပါဝင်သည်။

“ကျနော်တို့တောင်းဆိုရတာက ရခိုင်ပြည်မှာရှိတဲ့လိုအပ်ချက်တွေနဲ့ ကျောင်းတွင်းမှာ လိုအပ် နေတဲ့ လိုအပ်ချက်တွေကို တောင်းဆိုတာဖြစ်တယ်” စစ်တွေတက္ကသိုလ် ကျောင်သားသမဂ္ဂမှ ဥက္ကဋ္ဌကိုကျော်နိုင်ဌေးက ပြောသည်။

စစ်တွေတက္ကသိုလ်မှ တောင်းဆိုသည့် တောင်းဆိုသည့် အချက်မှာ ၉ချက်ဖြစ်ပြီး ၎င်းတောင်းဆို ချက်များမှာ စစ်ဘေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသော ကျောင်းသူ၊ ကျောင်းသာများကို သက်ဆိုင်ရာအာဏာပိုင်များမှ ပညာသင်ထောက်ပံ့ကြေးပေးရေး၊ ရခိုင်ပြည်နယ်မှာ ပညာရေး အသုံးစရိတ်များ တိုင်းမြှင့်ချပေးရေး ၊ ကျောင်းသား/ ကျောင်းသူများအပါအဝင် အပြစ်မဲ့ ပြည်သူများအား မတရားဖမ်းဆီးညှင်းပန်း နှိပ်စက်များ ချက်ချင်းရပ်ရေး၊ စစ်ပြေးရှောင် ပြည်သူများအား ကူညီမည့် ပြည်တွင်း ပြည်ပမှ အကူအညီများခွင့်ပြုပေးရေး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း သတင်းအမှောင်ချမှုများအား ချက်ချင်းရပ်ရေး ၊ စစ်တွေတက္ကသိုလ် သန့်ရှင်းရေးဝန်ထမ်းများ အမြန်ဆုံးထပ်မံရရှိရေး ၊ စစ်တွေတက္ကသိုလ်ကျောင်း လုံခြုံရေး ဝန်ထမ်းများ CCTV ကင်မရာများ အမြန်ဆုံးထပ်မံရရှိရေး ၊ဆိုင်ကယ် STAND အမြန်ဆုံးအကောင်း အထည်ဖော်ပေးရေး ၊ စစ်တွေ တက္ကသိုလ် ကျောင်းတွင်းလမ်း (ကန်တိမ်းလမ်း၊ သတ္တဗေဒလမ်း ၊ ပါမောက္ခလမ်း အဆောင်လမ်း)  အမြန်ဆုံး အကောင်အထည်ဖော်ပေးရေး တို့ဖြစ်ကြောင်း သိရသည်။

ယခုဆန္ဒပြပွဲမှာ ပါဝင်သူ စစ်တွေတက္ကသိုလ်ကျောင်းသူ မအေးမြတ်ခိုင်မှ “ခုဆန္ဒပြပွဲမှ ပါဝင် ရတာက သူတို့ထုတ်ထားတဲ့ တောင်းဆိုချက်တွေက ရခိုင်ပြည်နယ်အတွက်ရော ကျောင်းအတွက်ပါ တကယ့်လိုအပ်နေတဲ့အရာဖြစ်လို့ ပါဝင်ဆင်နွဲရတာပါ” ဟု ပြောဆိုသည်။

စစ်တွေကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသားများတောင်းဆိုချက် ၇ ချက်ထဲတွင် စစ်ဘေးရှောင် ကျောင်းသား ကျောင်းသူများ အရေးသာမက သူတို့ကျောင်းသားများ အတွက် ကျောင်းတွင်း အဆောင်များ ဆောက်လုပ်ပေးရန် နှင့် ကျောင်းအတွင်း မိုလုံလေလုံအားကစားခန်းမ တည်ဆောက်ပေးရေးတို့ကိုလည်း တောင်းဆိုခဲ့ကြသည်။

တောင်ကုတ်ကောလိပ် ကျောင်းသားသမဂ္ဂမှ တောင်းဆိုရာတွင် ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်ကျောင်းသား/ ကျောင်းသူများကို သက်ဆိုင်ရာမှထောက်ပံ့ကူညီရန်၊ ရခိုင်ပြည်နယ် အတွင်း ပညာရေး အသုံးစရိတ်ကို တိုးမြှင့်ပေးရန်၊ ရခိုင်ပြည်နယ် အတွင်း သတင်းအမှောင် ချထားမှုများကို ချက်ချင်း ရပ်တန့်ပေးရန်၊ ရခိုင်ပြည်နယ် အတွင်း စစ်ဘေးရှောင်တွေကို လာရောက်ကူညီကြသည့် ပြည်တွင်း ပြည်ပမှ အကူအညီများကို ခွင့်ပြုပေးရန်၊ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲဖြစ်ရာ ဒေသများမှ ပြည်သူများကို မတရား ဖမ်းဆီးမှုများကို ရပ်တန့်ပေးရန် တောင်းဆိုခဲ့ကြသည်။

ဆက်စပ် သတင်းများ