အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ကျောင်းဆောင်ပြိုပျက်နေသဖြင့် စာသင်ရန် အခက်အခဲဖြစ်နေသော ငှက်ကြီးကျွန်းကျေးရွာမှကလေးငယ်များအတွက် LWF မှကျောင်းဆောင်သစ်လှူဒါန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2k

သိန်းဇော်(မောင်တော)
စစ်တွေ၊ စက်တင်ဘာ ၅/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ငှက်ကြီးကျွန်းကျေးရွာ မူလွန်ကျောင်းဆောင်မှာ မိုးယိုပြီး ပြိုပျက်နေ၍ ကလေးငယ်များ စာသင်ရန် အခက်အခဲ ဖြစ်နေသဖြင့် LWF ( The Lutheran World Federation) အိုင်အန်ဂျီအို၏ အကူအညီဖြင့် အလျားပေ ၆ဝ၊  အနံ ပေ ၃ဝ ကျောင်းဆောင်သစ်ကို ဆောက်လုပ်နေကြောင်း သတင်းရရှိသည်။

“ LWF က လှူဒါန်းတဲ့ အလျားပေ ၆ဝ၊ အနံ ပေ ၃ဝ ကျောင်းဆောင်သစ်ကို ဇူလိူင် ၁ ရက်နေ့က စဆောက်ပါတယ်။ ဒီလ ၂ဝ ရက်နေ့မှာတော့ ပီးဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒီကျောင်းဆောင်သစ်မှာ ကျောင်းသား ၁၄ဝ ကိုသင်ဖို့ဘယ်လိုမှ အဆင်မပြေပါ။ ကျောင်းသားကများပြီး ကျောင်းဆောင်က ငယ်နေတဲ့ အတွက် ဖြစ်ပါတယ်။ ဒါကြောင့် ယခင် ကျောင်းဟောင်းကိုလည်း ပြန်လည် ပြုပြင်ဖို့ လိုအပ်ပါတယ်။ ပြိုပျက်နေတဲ့ အတွက် ကျောင်းကိုပြင်ပါမှ ကျောင်းသားတွေက  တစ်ချိန်တည်းမှာ စာသင်လို့ ရမှာဖြစ်ပါတယ်” ဟု အုပ်ချုပ်ရေးမှူးဦး ကျော်ဇံလှက ပြောသည်။

အဆိုပါ ကျောင်းဟောင်း အဆောင်အား လွန်ခဲ့သည့် ၂ဝဝဝခုနှစ်က အစိုးရမှ ချပေးသည့် ငွေကျပ် ၇သိန်းခွဲ၊ ကျေးရွာမှ ကျောင်းသားမိဘများမှ ကောက်ခံပြီး ထည့်ဝင်ငွေကျပ် ၁၅သိန်း စုစုပေါင်း ၂၂သိန်းခွဲဖြင့် အုပ်ဖိနပ်ခံ ပျဉ်စီးပျဉ်ထောင် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် ခေါင်မိုးမလုံခြင်း၊ အခင်းကြမ်းခင်း မြေသားဖြစ်နေသဖြင့် ရွ့ံများ ပေကျံကာ ကလေးငယ်များမှာ ခက်ခက်ခဲခဲ စာသင်ကြားနေကြရသည်ဟု သိရသည်။

ငှက်ကြီးကျွန်းကျေးရွာ မူလွန်ကျောင်းဆောင်မှာ ပျက်စီး ယိုယွင်းနေသဖြင့် ကျောင်းဆောင်သစ် ရရှိရေးအတွက် ပညာရေးဌာနသို့  နှစ်စဉ် အမှုတွဲဖြင့် တင်ပြထားသော်လည်း ယခုအချိန်အထိ အစိုးရထံမှ ကျောင်းဆောင်သစ် ကျမလာ သေးကြောင်း၊ LWF မှ ကူညီ၍သာ ကျောင်းဆောင်သစ် တစ်ဆောင် ရရှိလာခြင်း ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက နိရဥ္စရာသို့  ဆက်လက် ပြောဆိုသည်။

လက်ရှိအချိန်တွင် ငှက်ကြီးကျွန်းကျေးရွာတွင် ကျောင်းဆောင် မလုံလောက်၍ KG တန်းမှ ၄ တန်းထိကို စာသင်ကျောင်း ဟောင်းတွင်  သင်ကြားနေရပြီး ၅ တန်း၊ ၆ တန်း၊ ၇တန်းကို ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် သင်ကြားနေကြရကြောင်း သိရှိရသည်။

 “ကျနော်တို့ရွာက စာသင်ကျောင်းက မိုးနည်းနည်းပါးပါးတော့ ယိုပါတယ်။ ဖာတော့ ဖာထားပါတယ်။ ကျနော်တို့မှာက ပေ ၆ဝ မှာ အခန်းဆီး မရှိတော့ ကလေးတွေ ကျောင်းတက်ရတာ အခက်အခဲရှိပါတယ်။ အခန်းဆီးမရှိတော့ တောင်ဘက်ကို လှည့်တဲ့ အတန်းလှည့်၊  မြောက်ဘက်ကို လှည့်ပြီးသင်တဲ့သူက သင်၊ အဲသလို သင်ကြားနေကြ ရပါတယ်။ အဲ့လိုဖြစ်နေတော့ ကလေးတွေက စာသင်ရတာ အခက်အခဲ ရှိပါတယ်” အုပ်ချုပ်ရေးမှူးဦး ကျော်ဇံလှက ဟုပြောသည်။

ကျောင်းအုပ် ဆရာကြီး ဦးကျော်ဝင်းမောင်က “ ကျောင်းက အဟောင်းလို့ ဆိုရမယ်။ အပြင်က ကြည့်ရင် ဆေးသုတ်ထားတာ ချောနေပြီးတော့ အတွင်းက အချောမကိုင်ဘဲ ဒီအတိုင်းပါ။ ကြမ်းအခင်းကလည်မရှိ။ အပြင်က ဝရံတာကလည်း အခင်းမရှိပါ။ အထဲမှာလည်း တကွက်အခင်း မရှိဖြစ်နေပါတယ်” ဟု ပြောသည်။

KG တန်းမှ ၄တန်းအထိအား ကျောင်းဟောင်းတွင် ဆက်လက် သင်ကြား နေပြီး မိုးရွာလျှက် မိုးယိုသည့်အတွက် နှစ်စကတည်းက ခေါင်မိုး အပေါက်များအား ဆေးများဖြင့် ဖာပေးထားရသည်ဟု ဆိုသည်။

ငှက်ကြီးကျွန်း မူလွန်ကျောင်းတွင် ဆရာ ဆရာမ ၈ ဦးရှိသော်လည်း ကျောင်းသား ကျောင်းသူ ကလေးငယ်များအတွက် ထိုင်ခုံနှင့် စာရေးခုံများ အလုံအလောက် မရှိကြောင်း၊ မိုးရွာလျှက် မိုးယိုသည့် အတွက်ကြောင့် အဆင်မပြေမှုများ မြင်တွေ့နေရကြောင်း ငှက်ကြီးကျွန်း ကျေးရွာမှ ကျောင်းသားမိဘ တစ်ဦးကလည်း ပြောဆိုသည်။

မူလတန်းပြ ဆရာမ နုနုခိုင်က “ ဒီကျောင်းက မူလတန်းလွန်ကျောင်းပါ။ ထိုင်ခုံတွေကလည်း အလုံအလောက်မရှိ။ ကလေးတွေက အင်္ကျီ ဘောင်းဘီတွေ ရွံ့တွေပေလို့။ မိုးရွာရင်လည်း မှောင်မိုက်နေတဲ့အတွက် စာသင်လို့ မရဘူး။ ကျောင်းဟောင်းက အတွင်းထဲက တိုင်တွေက ခြစားပြီး ဆွေးနေပါပြီ။ အန္တရာယ်အဆင့် ရှိနေပါပြီ ” ဟု ပြောသည်။

ငှက်ကြီးကျွန်းစာသင်ကျောင်းမှာ မူလွန်ကျောင်း တစ်ကျောင်း ဖြစ်သော်လည်း ယခုအချိန်ထိ အစိုးရမှ ကျောင်းဆောင်အတွက် ချပေးသော ငွေမှာ ၇သိန်းခွဲသာရှိသဖြင့် ကျောင်းသားများကောင်းမွန်စွာ စာသင်ကြားရေးနိုင်ရေး အတွက် သက်ဆိုင်ရာ မှ ကျောင်းဟောင်းကို ကောင်းမွန်စွာပြုပြင်ပေးစေလိုသည်ဟု ကျေးရွာသားများက ပြောကြားသည်။

ယခုကျောင်းဆောင်သစ်လှူဒါန်းသော LWF သည် ရခိုင်ပြည်နယ်သို့ ၂ဝ၁၃ ခုနှစ်တွင် ဝင်ရောက်လာပြီး စစ်တွေ၊ မြောက်ဦး၊ ပေါက်တော၊ အမ်း၊ ပုဏ္ဏားကျွန်းမြို့နယ်များတွင် ပညာရေး အစီအစဉ်များ အပါအဝင် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရှိရသည်။

( ငှက်ကြီးကျွန်းကျေးရွာတွင် စာသင်နေရကြသည့် ကလေးငယ်များကိုတွေ့ရစဉ်/ ဓာတ်ပုံ- ခိုင်စံလင်း)

ဆက်စပ် သတင်းများ