သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်တိုုင်းရင်းသားမျိုးနွယ်များအစည်းအရုံးမှ စစ်ဘေးသင့်ဒေသမှ အဝေးသင်တက္ကသိုလ်ကျောင်းသား၊ကျောင်းသူ ၂ဝ ဦးကိုထောက်ပံ့ငွေပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7.7k

နီမင်းထွန်း
နိရဥ္စရာ ၊အောက်တိုဘာ ၂၃/ ၂ဝ၁၉

အဝေးသင်တက္ကသိုလ်တက်ရန် အခက်အခဲဖြစ်နေသော ရခိုင်ပြည်နယ်အတွင်း စစ်ဘေးသင့်ဒေသများမှ ကျောင်းသား၊ ကျောင်းသူ ၂ဝ ဦးကို အောက်တိုဘာ ၂၂ ရက်နေ့တွင် စစ်တွေမြို့ရှိ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)မှ ထောက်ပံ့ကူညီ ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

၎င်း ကျောင်းသား ၊ ကျောင်းသူများကို အခမဲ့စာသင်ဝိုင်းနှင့် အဆောင်နေခွင့် အပါအဝင် စားစရိတ်လေးသောင်းကျပ်၊ လမ်းစရိတ် တစ်သောင်းကျပ်နှင့် အထွေထွေသုံးစွဲနိုင်ရန် နှစ်သောင်းကျပ်၊ စုစုပေါင်း ၇ သောင်းကျပ်တို့ကို  အသီးသီး ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “စစ်ဘေးသင့်တဲ့ ဒေသတွေက ကျောင်းသားတွေကိုပဲ ဦးစားပေးလို့ထောက်ပံ့တာဖြစ်တယ်။ ၁ဝ တန်းကိုခက်ခက်ခဲခဲ အောင်လာပြီးမှ တိုက်ပွဲတွေကြောင့် တက္ကသိုလ်တက်ပြီး ဘွဲ့တစ်ခုခုရယူဖို့ ကျောင်းသားတွေရဲ့ ရည်မှန်းချက်ကို မပျက်စီး၊ မဆုံးရှုံး စေချင်လို့ ခုလို ကူညီ ထောက်ပံ့တာပါ”ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

ရခိုင်ပြည်နယ်ရှိ စစ်ဘေးသင့်ဒေသများမှ ကျောင်းသား ၊ ကျောင်းသူများကို ထောက်ပံ့နိုင်ရန် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC)က ယခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် လျှောက်လွှာခေါ်ယူခဲ့ရာ ရခိုင်ပြည်နယ်ရှိ  မြို့နယ် (၅)မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ (၄၇)ဦး လျှောက်ထားခဲ့ပြီး ၄င်းတို့ အားလုံးကို ထောက်ပံ့ပေးသွားမည်ဟု သူက ဆက်ပြောသည်။

ထောက်ပံ့ကြေးရရှိသော ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှ ပထမနှစ်(သမိုင်း) ကျောင်းသူ မငြိမ်းငြိမ်းအေးက “ ရွာနားမှာစစ်ပွဲဖြစ်နေတော့ မိသားစု စီးပွားရေးတွေအဆင်မပြေဘူး။ အခုလည်း အမေနဲ့ညီမက အောင်စည်ကုန်း စစ်ဘေးရှောင်စခန်းမှာနေတယ်။ အဖေက ရွာမှအိမ်စောင့်ပြီးနေတယ်။ REC က သာ ကျောင်းတက်ဖို့ကူညီမပေးရင် ကျောင်းလည်းတက်နိုင်မှမဟုတ်ဘူး။ ဒါကြောင့် REC ကိုကျေးဇူးတင်ပါတယ်။” ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်ပွဲများကြောင့် အရပ်သားစစ်ဘေးဒုက္ခသည် ဦးရေ ခုနစ်သောင်းနီးပါးရှိပြီး ထိုအထဲတွင် ကျောင်းနေအရွယ် ကလေးငယ် နှစ်သောင်းကျော်ပါဝင်သည်ဟု သိရသည်။ 

ဆက်စပ် သတင်းများ