ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ယခုနှစ်ပညာသင်နှစ်တွင် ရခိုင်မှကျောင်းပေါင်း ၁ဝဝကျော် ဖွင့်လှစ်ရန်အခြေအနေမရှိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 10.1k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇွန် ၆/ ၂ဝ၂ဝ

ယခုနှစ် (၂ဝ၂ဝ) ပညာသင်နှစ်တွငf တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မှ စာသင်ကျောင်းပေါင်း ၁ဝဝကျော်ကို ဖွင့်လှစ်ရန် အခြေအနေမရှိဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

၎င်းကျောင်းများမှာ ရသေ့တောင်မြို့နယ်တွင် ၁ဝ ကျောင်း၊ မောင်တောမြို့နယ်တွင် ၆၂ ကျောင်း၊ ဘူးသီးတောင်မြို့နယ်တွင် ၁၇ ကျောင်းနှင့် ကျောက်တော်မြို့နယ်မှ ၂ဝ ကျောင်း စုစုပေါင်းကျောင်း ၁ဝ၉ ကျောင်းခန့် အား ဒေသအခြေအနေကြောင့် လုံးဝ ပိတ်ထားဦးမည်ဟု ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက နိရဥ္စရသတင်းဌာနအား ပြောသည်။

“အခက်ခဲကတော့ မနှစ်ကလည်းဖြစ်ခဲ့ကြတယ်။ ကလေးတွေစာသင်နေတဲ့အချိန်မှာ တိုက်ပွဲတွေဖြစ်လို့ ဆရာ၊ ဆရာမတွေရော ကျောင်းသူ၊ ကျောင်းသား တွေရော ကျောင်းကို မသွားရဲတဲ့အချိန်မှာ ခဏပိတ်ထားရတယ်။ ပြီးတော့ ပြန်ဖွင့်ရတဲ့ဟာတွေရှိတယ်။ တစ်ချို့ကျောင်းတွေကတော့ တောက်လျှောက် ပိတ်ထား လိုက်ရတယ် ပေါ့နော်။ ဒီနှစ်လည်း မနှစ်ကလို  ဆက်ဖြစ်နေသေးရင် ဒီလိုပဲ ဆက်ရှိနေမှာလို့ ပြောချင်တယ်” ဟု သူက ပြောသည်။

အဆိုပါ စာသင်ကျောင်း ၁ဝဝ ခန့်တွင် လူမရှိတော့သည့် ကျေးရွာမှကျောင်းများပါဝင်သလို စစ်ပွဲအတွင်း ပျက်စီးသွားသည့်ကျောင်းများလည်းပါဝင်သည်ဟု သိရသည်။

 “ ပြီးခဲ့တဲ့ ၂ဝ၁၉ ခုနှစ်မှ စတင်ပြီး လုံးဝ ပိတ်ထားရတဲ့ကျောင်းတွေရှိတယ်။ ဒါ့အပြင် ယာယီပိတ်ထားရတဲ့ ကျောင်းတွေလည်းရှိခဲ့တယ်။ ဒီစာရင်းတွေ အတိကျကိုတော့ မရနိုင်သေးဘူး” ဟု ပြည်နယ်ပညာရေးမှူး က ဆိုသည်။ 

ကျောက်တော်မြို့နယ်တွင်လည်း ပီးချောင်းတလျှောက်မှ ကျေးရွာများရှိ စာသင်ကျောင်းများနှင့် ကစ္ဆပနဒီ မြစ်အပေါ်ပိုင်းမှ စာသင်ကျောင်းများ ၂ဝခန့်မှာ ယခုနှစ် ၂ဝ၂ဝ ပညာသင်နှစ်တွင် လုံးဝ ပိတ်ထား ရမည် ဖြစ်ကြောင်း ကျောက်တော်မြို့နယ်ပညာရေးမှူး ဦးသိန်းမြိုင်က ပြောသည်။

“မီးလောင်သွားတဲ့ ကျောင်း တွေလည်းပါတယ်၊ အဲဒီထဲမှာ။ အဲဒီကျောင်းတွေက ကျောင်းသားတွေကို စစ်ဘေးရှောင် စခန်းနဲ့နီးတဲ့ ကျောင်းတွေမှာ တက်ခိုင်းရမယ်။ မြို့ပေါ် ကျောင်းတွေမှာ ကျောင်းသားတွေ များသွားပေမဲ့ အဆင်ပြေအောင်လုပ်သွားရမှာပဲ။ ဒီကျောင်း နှစ်ဆယ်ကျော်က ဒီနှစ်စာသင်နှစ်မှာ လုံးဝ ဖွင့်လို့ရမှာ မဟုတ်ဘူး”ဟုပြောသည်။

ပြည်နယ်ပညာရေးမှူး ပြောကြားသည့် အထဲတွင် မြောက်ဦးမြို့နယ် မပါဝင်သဖြင့် မြောက်ဦးမြို့နယ် ပညာရေးမှူးကိုဆက်သွယ်ရာ လက္ကာကျေးရွာ အလကခွဲကို ကျောင်းဖွင့်ချိန်တွင် ဖွင့်လှစ်နိုင်မည် မဟုတ်ကြောင်း ပြောကြားသည်။ တိုက်ပွဲ ဖြစ်ပွားနေရာ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် အမ်းမြို့နယ်များမှ ပိတ်ထားရမည့် ကျောင်းရှိ/မရှိကို မသိရသေးပေ။ 

ယခင်နှစ်က ပိတ်ထားရသည့် စာသင်ကျောင်းများမှာ ကျောင်းသူ၊ ကျောင်းသားများမှာ ၎င်းတို့စစ်ဘေးရှောင်နေသည့် စစ်ဘေးရှောင်စခန်းများနှင့် ဘုန်းတော်ကြီးကျောင်းများ အနီးနားမှ စာသင်ကျောင်းများသို့ ပြောင်းရွှေ့သင်ကြားခဲ့ရသည့်အတွက် အခက်အခဲများ ရှိခဲ့သည်ဟု ပြောသည်။

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှ ကိန်းသာဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်စခန်းတွင်  ခိုလှုံနေသည့် ဒေါ်အေးအေးက “ မနှစ်က ကျောင်းတဝက်တစ်ပျက်နဲ့ ရသေ့တောင်မြို့ပေါ် ထွက်ပြေး လာရတော့ ကလေးတွေ ကျောင်းဆက် မတတ်လိုက်ရဘူး။ ကလေးတွေက ကိုးတန်းနဲ့ ခုနစ်တန်း ကျောင်းသားတွေပါ။ စာမေးပွဲကိုတော့ ဒီ ရသေ့တောင်မှာပဲ ဖြေခွင့်ရခဲ့တယ်။ ဒါပေမဲ့ ဒီနှစ်က ကျောင်းတက်ရမယ့် အခြေအနေလည်း မမြင်ပါဘူး။ ဒီမှာနေရတာလည်းအဆင်မပြေတော့  ဘယ်မှာနေလို့ ကျောင်းဘယ်မှာ တက်ရမလဲဆိုတာ မသိဘူး။ ကလေးတွေ ပညာရေးကို ရင်လေးမိတယ်။ ကလေးတွေလည်း ကျောင်းတက် ရဖို့အရေး စိတ်ညစ် နေကြနေတယ်” ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားနေသည့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်စသည့် ဒေသများမှ ပညာရေး ဝန်ထမ်းများ၊ ဆရာ၊ ဆရာမ များနှင့် ကျောင်းသူ/သူများမှာ ယခုနှစ် ပညာသင်နှစ်အတွင်း လုံခြုံမှုမရှိ ဖြစ်မည်ကို စိုးရိမ်နေကြကြောင်းလည်း ဆရာမအချို့ ပြောကြာသည်။


ဆက်စပ် သတင်းများ