သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကိုရိုနာရောဂါကြောင့် စစ်တွေအထက်တန်းကျောင်းများတွင် အတန်းနှစ်သုတ်ခွဲသင်ကြားမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 3.3k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇူလိုင် ၁၅ / ၂ဝ၂ဝ

စစ်တွေမြို့ အထက်တန်းကျောင်းများတွင် ဇူလိုင်လ ၂၁ ရက်နေ့ ကျောင်းဖွင့်တော့မည်ဖြစ်သဖြင့် ကျောင်းသားများကို စတင်လက်ခံနေပြီးဖြစ်သော်လည်း ကိုဗစ် ၁၉ ကြောင့် အတန်းများကို နှစ်သုတ်ခွဲပြီး သင်ကြားရမည့် အနေအထားသို့ ရောက်ရှိနေကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီးများက ပြောသည်။ 

စစ်တွေမြို့ အထက (၄) ကျောင်းအုပ်ဆရာကြီးဦးဝင်မောင်က “ပုံမှန်စာသင်တစ်ခန်းအတွက် Social Distancing  နဲ့ကိုက်ညီအောင် စာသင်ခန်း တစ်ခန်းမှာ ကျောင်းသားနှစ်ဆယ်ကို သင်ကြားပေးရမှာဖြစ်တယ်။ အယင်ကဆိုရင် တစ်ခန်းမှာ လေးငါးဆယ်လောက်အထိရှိတယ်ဆိုတော့ အခုက စာသင်ချိန်ခွဲပြီးသင်ရဖို့ ဖြစ်နေတယ်။ ဥပမာအားဖြင့် ကိုးတန်းက နှစ်ရက်တက်ရင် ဆယ်တန်းက သုံးရက် အဲလို့မျိုးစီစဉ်ထားတယ် ” ဟုပြောသည်။

ရခိုင်ပြည်နယ်မှ အထက်တန်းအဆင့် ပညာသင်ကျောင်းများတွင်လည်း ကျောင်းအပ် လက်ခံနေပြီ ဖြစ်သော်လည်း အတန်းများကို အချိန်ခွဲပြီး သင်ကြားရမည် ဖြစ်သဖြင့် ဆရာ ဆရာမများအတွက် ကျန်းမာရေးနှင့် အခက်အခဲများ ဖြစ်လာမည်ကိုလည်း စိုးရိမ်နေရသည်ဟု ဆိုသည်။ 

ဆရာ၊ ဆရာမများအနေဖြင့် ယခင်ကထက်ပိုပြီး အလုပ်များပင်ပန်လာမည်ဖြစ်ပြီး ရေရှည်တွင် စိတ်ရှိလျှင်လည်း ကိုယ့်မပါဖြစ်လာနိုင်ကြောင်း၊ အချိန်ခွဲပြီးသင်ရမှုများကြောင့် သင်ခန်းစာများ ပြီးစီးရန်ခက်ခဲနိုင်ကြောင်း၊ ၎င်းပြင် ခွင့်ယူမည့် ကိစ္စမှာလည်း အခက်အခဲရှိနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

စစ်တွေမြို့ အထက (၂) ကျောင်းအုပ်ဆရာကြီး ဦးမောင်ကျော်ဇံက “ အခုလိုမျိုး အချိန်ပိုင်းခွဲပြီး ပြရမယ် ဆိုတော့ ဆရာ၊ ဆရာမတွေက ပိုပြီးတော့ ပင်ပန်းမှာပေါ့။ ဆရာတစ်ဦးဆိုရင် တစ်ရက်မှာ ၅ ချိန်လောက် ပြရမှာ ဖြစ်တယ်။ သင်ခန်းစာပြီးဖို့ အတွက်တော့ အခက်အခဲဖြစ်မယ်။ အခုကျနော်တို့ ကြားတာကတော့ ကျောင်းမှာလည်း သင်ရမယ်။ အိမ်စာတွေလည်း လုပ်ခိုင်းမယ်ဆိုပြီးတော့ ကြားတယ်။ အိမ်စာတွေလည်း ဖိစီးပြီးတော့ လုပ်ခိုင်းမယ်ဆိုလို့ရှိရင်တော့ ကျောင်းသားအတွက်လည်း ဖိအားတွေက များလာနိုင်တယ်” ဟု ပြောသည်။

ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးရောဂါကြောင့် စာသင်ခန်းတစ်ခုတွင် ကျောင်းသားဦးရေ ၂ဝ သာ သင်ကြားရမည်ဖြစ်ကြောင်းနှင့် တစ်ဦးနှင့်တစ်ဦး ၆ ပေ အကွာ ထားရှိပြီး စာသင်ချိန် နှစ်ချိန်ခွဲ၍ သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်အေးကြည်က “ကိုဗစ်ရောဂါအတွက်တော့ စိုးရိမ်မှုတွေတော့ ရှိတယ်။ ဒါပေမယ့် ကျောင်းဖွင့်တယ်ဆိုလိုရှိရင် သားသမီးပညာရေးအတွက် ကျောင်းအပ်ရတာပေါ့။ ဒီရောဂါက တစ်ဦး၊ တစ်ယောက်တည်းဖြစ်တဲ့ ရောဂါမဟုတ်ဘူး။ တစ်ကမ္ဘာ့လုံးမှာ ဖြစ်နေတဲ့ ရောဂါဆိုတော့ စိုးရိမ်မှုတွေတော့ ရှိတာပေါ့ ” ဟု ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးရောဂါကြောင့် ကျောင်းဖွင့်ချိန်များကို နောက်ဆုတ်ခဲ့ရပြီ အထက်တန်းအဆင့်ကျောင်းသူ၊ ကျောင်းသားများမှာ ဇူလိုင်လ ၂၁ ရက်နေ့၊ အလယ်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသားများမှာ သြဂုတ် ၄ရက်နေ့နှင့် မူလတန်းအဆင့် ကျောင်းသူ၊ ကျောင်းသားများမှာ သြဂုတ်လ ၁၁ ရက်နေ့တွင် ကျောင်းတက်ရမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါသည်။

 


ဆက်စပ် သတင်းများ