ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်ဘေးရှောင်စခန်းရောက် အထက်တန်းကျောင်းသားများ ကျောင်းအပ်ရန် အခက်အခဲများရှိနေဆဲဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 763

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇွန် ၁၈/၂ဝ၂ဝ

အခြေခံပညာ အထက်တန်းအဆင့် ကျောင်းအပ်လက်ခံရေး သီတင်းပတ်အဖြစ် ဇူလိုင် ၁၃ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ (၅) ရက်သတ်မှတ်ပြီး ကျောင်းသားများကို လက်ခံခဲ့သော်လည်း ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများမှ အထက်တန်းကျောင်းသား ၁၃ဝဝ ခန့်ထဲမှ အများစုမှာ အခက်အခဲများကြောင့် ကျောင်းအပ်နှံနိုင်ခဲ့ခြင်း မရှိကြောင်း သတင်းရရှိသည်။ 

စစ်ဘေးရှောင်စခန်းမှ အထက်တန်းအဆင့် ကျောင်းသားများ ကျောင်းအပ်နှံရန် အခက်အခဲဖြစ်နေကြကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောသည်။

“ ခန့်မှန်းခြေ စစ်ဘေးရှောင် အထက်တန်းကျောင်းသား ၁၃ဝဝ လောက်ရှိတယ်။ သူတို့ဟာ ကျောင်းသွင်းဖို့ အစီစဉ် မကျသေးဘူး။ ကျောင်းထားဖို့ သူတို့မိဘတွေမှာ ငွေမရှိကြဘူး။ စစ်ဘေးရှောင် မဟုတ်တဲ့ အခြား ကျောင်းသားတွေက ကျောင်းအပ်နေကြပြီ။ ကျောင်းမဖွင့်သေးပေမဲ့ အပြင်ကျူရှင်တွေ တက်နေကြပြီ။ စစ်ဘေးရှောင်ကလေးတွေမှာ အပြင်ကျူရှင်ဝိုင်းတွေ တက်ဖို့လည်း မတတ်နိုင်ကြဘူး။ အရင်နှစ်က ကူညီတာတွေတော့ ရှိတယ်။ ဒီနှစ်မှာတော့ ကူညီပေးတာတွေမကြားရသေးဘူး။” 

ကျောက်တော်မြို့အထက စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် တင်းမကြီးကျေးရွာမှ ဒေါ်ဝင်းမေဦးက “ သမီးလေးက နှစ်တိုင်းဆုတွေရတယ်။ မူလတန်းတည်းက ဆုမရတဲ့နှစ်မရှိပါဘူး။ ကျောင်းအပ်ချင်တယ်။ ဒါပေမယ့် တစ်နှစ်လုံး ကုန်ကျမယ့်ငွေကို မတတ်နိုင်ဘူး။ အဝတ်အစား၊ ကျောင်းသုံးစာအုပ်၊ ဝိုင်းကျူရှင်ဖိုး ဒီလိုဘဝမှာ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ကလေးတွေက ကျောင်းမတက်ရရင်ဘာလုပ်ရလဲ မေးနေကြတယ်။ စိတ်မကောင်ဘူး။ အခုနေနေတဲ့ နေရာက ကျောင်းတွေပြန်ဖွင့်ရင် ထွက်ပေးရတော့မှာဆိုတော့ နေစရာလည်းမရှိသေးဘူး” ဟုပြောသည်။

ဒေါ်ဝင်းမေဦး၏ သမီးဖြစ်သူ နဝမတန်းကျောင်းသူ မခိုင်မြတ်လင်း က “တင်းမ(အထက)ခွဲ ကျောင်းမှာ တက်ပါတယ်အရင်တုန်းက။ အခု ကျောင်းမအပ်ရသေးပါဘူး။ ငွေရှိမှ ကျောင်းတက်လို့ရမှာပေါ့။ သမီးတို့က ဒုက္ခသည်ဆိုတော့ ငွေမှမရှိတာ။ ကျောင်းတက်ချင်ပါတယ်။” ဟုပြောသည်။

မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ နေအိမ်မီးလောင်၍ တိန်ညိုစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေရသည့် ဒေါ်စောတင်သိန်းကလည်း ငွေကြေးမရှိသဖြင့်ကျောင်းမအပ်နှံနိုင်သေးကြောင်း ပြောသည်။

ဒေါ်စောတင်သိန်းက “ ကျောင်းအပ်ဖို့ကို စဉ်းစားလို့တောင်မရသေးဘူး။ ရွာကိုလည်းမီးလောင်သွားတော့ အိမ်မီးလောင်တဲ့အထဲမျိုးစပါးတွေလည်းပါသွားတော့ လယ်လည်း မလုပ်ရသေးဘူး။ သားသမီးတွေကို ကျောင်းလည်း မအပ်နိုင်သေးဘူး။ ကျောင်းထားရမဲ့ စရိတ်တွေလည်းကြီးတယ်။ဝိုင်းတွေလည်းစျေးကြီးတယ်။ ကျွန်မတို့မအပ်နိုင်ဘူး။ အစိုးရက ဘာမှလုပ်ပေးတာမရှိသေးပါဘူး။ စာသင်ပေးဖို့ လာခေါ်ကြရင်လည်း သမီးလေးတွေဖြစ်တဲ့အတွက် အဝေးကြီးကိုလည်း မလွှတ်ရဲဘူး။”ဟု သူမကပြောသည်။

၄င်းတို့တိန်ညိုစစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၃၂၁၇ ဦး၊ အိမ်ထောင်စု ၈၄၅ စုရှိကာ ကျောင်းသား အထက်တန်းကျောင်းသား ၅ဝ ဦးခန့်ရှိပြီး ၄င်းကျောင်းသားများမှာ ကျောင်းအပ်နှံနိုင်ခြင်းမရှိသေးကြောင်း သူမက ဆက်ပြောသည်။

ရခို်င်ပြည်နယ်၊ ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက စစ်ဘေးရှေုာင် ကျောင်းသားများအား ၄င်းတို့ စစ်ဘေးရှောင်စခန်းများနှင့် နီးစပ်ရာ စာသင်ကျောင်းများတွင် တက်ရောက်နိုင်ရန် စီစဉ်နေကြောင်းပြောသည်။

ဦးတင်သိန်းက “စစ်ဘေးရှောင်စခန်းတွေက ကလေး တွေကိုသူတို့  ရောက်နေတဲ့မြို့နယ်ပညာရေးမှူးတွေကို စာရင်းကောက်ခိုင်းထားတယ်။ ဒီကလေးတွေကို အတန်းအလိုက် စာရင်းတွေယူထားပြီးတော့ ပုံနှိပ်စာအုပ်တွေ၊ ဗလာစာအုပ်တွေ ရရှိဖို့အတွက် မှာထားပြီးသားဖြစ်တယ်။လောလောဆယ်ကတော့ နီးစပ်ရာကျောင်းတွေမှာ ဒီကလေးတွေ ဝင်ရောက်သင်ယူနိုင်ဖို့ပါ” ဟုပြောသည်။

ရသေ့တောင်မြို့နယ် ပညာရေးမှူး ဒေါ်နုနုသာက “ ရသေ့တောင်မြို့နယ်မှာ ဟိုနှစ်က ကျောက်တန်းနဲ့ ရေစိုးချောင်း အထက်တန်းကျောင်းနှစ်ကျောင်းပိတ်ထားခဲ့ရတယ်။ ဒီနှစ်မှာတော့ စစ်ရှောင်စခန်းတွေမှာ ကျောင်းပြန်ဖွင့်ပြီး စာသင်ပြသွားဖို့ စီစဉ်နေပါတယ်။ ရသေ့တောင်မြို့ပေါ်က ရွှေပါရမီကျောင်းမှာ ကျောက်တန်းဘက် စစ်ပြေးရှောင်တွေနေတဲ့ အတွက် အဲဒီမှာ ကျောင်းဖွင့်လှစ်ပြီး သင်ကြားသွားမှာ ဖြစ်ပါတယ်။ အဲဒီမှာ အထက်တန်းကျောင်းသား ၅ဝ လောက်ရှိပါတယ်။ ပီးရင် စေတီရင်းဘက်မှာရှိတဲ့ ကျောင်းသားတွေအတွက် ANP ရုံးမှာ ဖွင့်လှစ်သင်ကြားဖို့ စီစဉ်နေပါတယ်။ အားလုံးစာသင်ကြားနိုင်အောင် စီစဉ်ချမှတ် လုပ်ဆောင်နေပါတယ်” ဟု ပြောကြားသည်။ 

ရခိုင်ပြည်နယ်၌ အထက်တန်းကျောင်း ၄၄ဝ ရှိကြောင်း၊ ကျောက်တော်မြို့နယ်မှ တင်းမနှင့် မီးဝ ကျေးရွာ၊ မောင်တောမြို့နယ်တွင် ဘကုန်းနှင့် အောင်သပြေကျေးရွာ၊ ရသေ့တောင်မြို့နယ်မှ ဒုံးပိုက် ကျေးရွာတို့မှ စုစုပေါင်း အထက်တန်းကျောင်း ၅ ကျောင်းကို ယခု ၂ဝ၂ဝ ခုနှစ်စာသင်နှစ်တွင် ဖွင့်လှစ်နိုင်မည်မဟုတ်ပဲ ကျန်သည့်ကျောင်းများအားဖွင့်လှစ်သွားမည်ဖြစ်ကြောင်းပြည်နယ်ပညာရေးမှူး ဦးတင်သိန်း၏ ပြောဆိုချက်အရ သိရသည်။


ဆက်စပ် သတင်းများ