ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ကိုဗစ်အရေးပေါ်ကာလ ရခိုင်မှပညာရေးဝန်ထမ်းသုံးသောင်းကျော်ကို တစ်ဦးလျှင်ငွေကျပ်သုံးသောင်းဖိုးစီ ရိက္ခာထောက်ပံ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 4.7k

ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၃၁/ ၂ဝ၂ဝ

ကိုဗစ်အရေးပေါ်ကာလ ရခိုင်ပြည်နယ်ရှိ ပညာရေးဝန်ထမ်း ၃ဝ၃၅ဝ ဦးကို တစ်ဦးလျှင် ကျပ်ငွေ သုံးသောင်းဖိုးဖြင့် စားရိက္ခာများကို အစိုးရမှ ထောက်ပံ့ပေးနေကြာင်း သတင်းရရှိသည်။

ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက “တိုင်းရင်းသားဘာသာသင်တဲ့ ဝန်ထမ်းတွေ အပါအဝင် ပညာရေး ဝန်ထမ်း အားလုံးကို ထောက်ပံ့ပေးသွားမှာ။ ဒီတစ်ကြိမ်ဘဲ ပေးမှာ။ လစဉ်ပေးမှာ မဟုတ်ဘူးပေါ့နော်။ ငွေသုံးသောင်းကျပ် နှုန်းဆိုတာက ငွေသုံးသောင်းကျပ်နဲ့ ဆန်၊ဆီ၊ဆား၊ ကြက်သွန်၊ ပဲ။ အဲလိုပစ္စည်းတွေ ဝယ်ပေးမှာပေါ့နော်။ ငွေကို ထောက်ပံ့ပေးမှာ မဟုတ်ဘူးပေါ့။ စစ်တွေမှာဆိုရင် မနေ့ကတည်းက စပြီး ပေးနေကြပါပြီ” ဟု နိရဥ္စရာသို့ ပြောသည်။

အခြေခံပညာဦးစီးဌာန (နေပြည်တော်) မှ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် အသွားအလာကန့်သတ်ထားစဉ် ကာလ၌ ရခိုင်ကပညာရေးဝန်ထမ်းများကို သြဂုတ် ၃ဝ ရက်နေ့က စတင်ပြီး ထောက်ပံ့ပေးနေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“စစ်တွေမှာဆိုရင်အားလုံး ကျွန်တော်တို့ရုံး၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ ဆရာ/မအားလုံး ဝန်ထမ်း နှစ်ထောင်ကျော် ရှိတာပေါ့နော်။ တစ်ဦးကို ဆန်က ၁၂ ပြည်၊ ဆီက တစ်ပိဿနဲ့ ငါးဆယ်သားစီပေါ့။ ကျွန်တော်တို့က အဲဒီငွေ သုံးသောင်းကျပ်ကို ဒီမှာ စစ်တွေမြို့နယ်က ဝယ်လိုက်တဲ့အခါ သူတို့သတ်မှတ်ထားတဲ့ ဆီက တစ်ပိဿဆိုပေမယ့် ကျွန်တော်တို့က တစ်ပိဿနဲ့ ငါးဆယ်သားစီရတယ်။ ဆန်ကလည်း ၁ဝ ပြည်ဆိုပေမယ့် ၁၂ ပြည်အထိရတယ်ပေါ့နော်။ မနေ့ကတည်းက ကျောင်းတွေအကုန်လုံးကို ဖြန့်ထားတယ်။ အထကတွေ အလကတွေ စစ်တွေမြို့ပေါ်မှာပေါ့” ဟု ၄င်းက ဆက်ပြောသည်။

သို့သော်လည်း ၎င်းအထောက်အပံ့မှာ စစ်တွေမြို့နယ်မှ ကျောင်းတချို့ရောက်ရှိခြင်း မရှိသေးဟု သိရသည်။

စစ်တွေမြို့မှ တိုင်းရင်းသားဘာသာ သင်ကြားသည့် ဒေါ်အေးမြတ်ခိုင်က “ကျွန်မလည်း အဲဒီလို သတင်းတွေတော့ ကြားနေတယ်။ ဘယ်လိုအစီစဉ်နဲ့ ပေးမှာလဲတော့ မသိဘူး။ ကျွန်မကိုကျောင်းကလည်း မဆက်သွယ်ဘူး။ လကုန်လို့ လစာထုတ်ရက်မှာ ပေးမှာလားဆိုတာတော့ မပြောတတ်ဘူး။ အခုတော့ မရသေးဘူး” ဟု သြဂုတ် ၃ဝ ရက်နေ့က နိရဥ္စရာသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်း၌ သြဂုတ်လအတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားလာမှုကြောင့် မြို့နယ်အားလုံးမှ ပြည်သူများအား နေအိမ်တွင် နေထိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သြဂုတ်လ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာမှ အလယ်တန်းပြကျောင်းဆရာ ဦးမောင်အေးနိုင်က“ကျွန်တော်လည်း အဲလို သတင်းတွေတော့ ကြားနေတယ်။ လကုန်နေ့ အစည်းဝေးတွေဘာတွေ ထိုင်ရင်တော့ အဲဒီ ငွေသုံးသောင်း ကျပ်နှုန်းကိစ္စကို ထည့် ပြောမှာလားတော့ မပြောတတ်ဘူး။ ပေးခဲ့ရင်လည်း ဒီငွေသုံးသောင်းကျပ်နှုန်းဆိုတာက လုံလောက်မှုမရှိဘူး။ ဒါက နှစ်ရက်၊ သုံးရက်ပဲ ထိုင်စားလို့ ရမယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ပညာရေးဝန်ထမ်းပေါင်း ၃ဝ၃၅ဝ ဦးရှိပြီး၊ ယခု ထောက်ပံ့မည်အစီစဉ်တွင် ၄င်း ပညာရေးဝန်ထမ်းအားလုံးပါဝင်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ