သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကျောက်တော်နှင့် မောင်တောမြို့နယ်များတွင် မိုင်းပေါက်ကွဲမှုများဖြစ်ပွားခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.2k

သိန်းဇော်(မောင်တော)
စစ်တွေ၊ စက်တင်ဘာ ၂၃/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်ပေါက်ရွာသစ်အနီး တွင် ယနေ့ စက်တင်ဘာ ၂၃ ရက် နံနက် အစောကြီးက မိုင်း ၂လုံး ပေါက်ကွဲခဲ့သလို  စက်တင်ဘာလ ၂၁ ရက်နေ့  ည ၈ နာရီခန့်ကလည်း မောင်တောမြို့နယ်  ဒူချီရားတန်းကျေးရွာအုပ်စု ဗောဓိကုန်းကျေးရွာအနီးတွင် မိုင်းတစ်လုံး ပြင်းထန်စွာ ပေါက်ကွဲ ခဲ့သည်ဟု ဒေသခံများထံမှ သိရှိရသည်။

ကျောက်တော်မြို့နယ်တွင် ပေါက်ကွဲခဲ့သည့် မိုင်းသည့် ယနေ့ နံနက်အစောကြီး  ညဉ့် ၃ နာရီ ၂ဝ မိနစ် အချိန်ခန့်တွင်  ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ရွာ- ရွာသစ်အကြား စစ်တွေ- ရန်ကုန် ကားလမ်းပေါ်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း အနီးမှ ကျေးရွာသားများက ပြောသည်။

တောင်ပေါက်ရွာ ရွာသစ်မှ ရပ်မိရပ်ဖတစ်ဦးက “ ပေါက်သံနှစ်လုံး ကြားလိုက်ပါတယ်။ ကျနော်တို့လည်း ညဉ့်ဆိုတော့ ထွက်မကြည့် ရဲဘူးလေ။ ပေါက်တဲ့နေရာနဲ့ ကျနော်တို့ရွာ ကားလမ်းဘေးက အိမ်နဲ့ ပေ ၁ဝဝ ဝန်းကျင်လောက်ရှိမယ် ထင်ပါတယ်” ဟု ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းအရင်းကို မသိရကြောင်း၊ ထိခိုက်မှု ရှိ မရှိကိုလည်း မသိရကြောင်း၊ ပေါက်ကွဲခဲ့သည့် နေရာအနီးတစ်ဝိုက် လက်ရှိတွင် အေးဆေး တည်ငြိမ်နေကြောင်း ကျေးရွာရပ်မိ ရပ်ဖက ပြောသည်။

စက်တင်ဘာလ ၂၁ ရက်နေ့  ည ၈ နာရီခန့်က မောင်တော မြို့နယ် အငူမော်-မောင်တော ကားလမ်းဘေး ဒူချီရားတန်း အုပ်စု ဗောဓိကုန်းကျေးရွာ စာသင်ကျောင်းအနီး တံတားနှင့် ရဲကင်း စခန်းကြားတွင် မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း ဗောဓိကုန်း ကျေးရွာတာဝန်ခံ  ဦးရွှေပုစိန်က  နိရဥ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။
 
 “ဗောဓိကုန်းကျေးရွာ တံတားနဲ့ ရဲစခန်းကြားမှာပေါက်တာပါ။ ဘယ်လိုဖြစ်တာလဲ ဆိုတာကျနော်တို့လည်းမသိဘူး။ ပေါက်တာတော့ ဟုတ်ပါတယ်” ဟု ဦးရွှေပုစိန်က ပြောသည်။

ဗောဓိကုန်း ကျေးရွာသားတစ်ဦးက “ မိုင်းပေါက်ကွဲတာ ဟုတ်ပါတယ်။ မိုင်းပေါက်သံက အရမ်းကျယ်ပါတယ်။ ဒီလို ပေါက်သံမျိုး တစ်ခါမှ မကြားဖူးပါဘူး။ ကျနော်တို့ကတော့ ကြောက်လို့ သွားမကြည့် ဖြစ်ပါဘူး။ သူတို့ပြောတာက ကျနော်တို့ ဗောဓိကုန်းကျေးရွာ စာသင်ကျောင်းရှေ့နားမှာ ပေါက်တာလို့ ပြောပါတယ်” ဟု ပြောသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက ကျောက်တော်မြို့နယ် ချောင်းတူရွာအနီး တောင်ကုန်းငယ်တွင် မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး၏ ဘယ်ဘက်ခြေထောက် အောက်ပိုင်း ပြတ်တောက်သွားသည်ဟု သိရသည်။

လွန်ခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့ကလည်း မောင်တော မြို့နယ်  ရွှေရင်အေးကျေးရွာနှင့် ဗောဓိကုန်းကျေးရွာ အကြားတွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး ကံပြင်သာစည်ကျေးရွာက လူငယ်၂ ဦးလည်း ဖမ်းဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။

ဆက်စပ် သတင်းများ