သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်တွေတွင် ရှင်အပါး (၁၂ဝ)ကျော်အား ရှင်ပြုရဟန်းခံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 1.8k

နိရဥ္စရာ၊ မတ် ၃၁ /၂ဝ၂၁

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရှင်အပါး (၁၂ဝ)ကျော်အား မေတ္တာအာရီယာန်ဖောင်ဒေးရှင်းနှင့် (၇)ရက်သားသမီးများက ရှင်ပြုပေးနေကြောင်း သိရသည်။

ယနေ့ မတ်လ ၃၁ ရက်နေ့ ညနေပိုင်းတွင် စစ်တွေ၌ ရှင်လောင်းလှည့်လည်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့နံနက်တွင် စစ်တွေမြို့ ပြည်တော်သာရပ်ကွက်ရှိ ဒက္ခိဏာရာမပရိယတ္တိစာသင်တိုက်၌ ရှင်ပြုရဟန်းခံပေးသွားမည်ဟု မေတ္တာအာရီယာန်ဖောင်ဒေးရှင်း၏ အတွင်းရေးမှူး ဦးတင်ငြိမ်းဦးက နိရဥ္စရာကို ပြောသည်။

“ဒီရှင်အပါး (၁၂ဝ)ကျော်မှာ စစ်ဘေးရှောင်စခန်းတွေကလည်း ပါပါတယ်။ နောက်ပြီးတော့ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက ဆင်းရဲနွမ်းပါးလို့ ရှင်မပြုရသေးတဲ့ ကလေးတွေလည်း ပါပါတယ်။ ပြီးတော့ ရာသက်ပန် ရဟန်းဘဝနဲ့ နေသွားမယ့်သူတွေလည်း ပါပါတယ်။ မယ်သီလရှင်တွေလည်း ပါပါတယ်။”ဟု ပြောသည်။

အဆိုပါပွဲကို မေတ္တာအာရီယာန်ဖောင်ဒေးရှင်းက ဦးဆောင်ကာ (၇)ရက်သားသမီးတို့က ရှင်းတစ်ပါးလျှင် ကျပ် (၄)သောင်းစီထည့်ဝင်ငွေများဖြင့် ပြုလုပ်ခြင်းဖြစ်သည်။

အဆိုပါပွဲကို ဘဝနတ်ထံပျံလွန်တော်မူပြီးသော ကျေးဇူးတော်ရှင် ဒက္ခိဏာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်သြဝါဒစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တစန္တ မထေရ်မြတ်ကြီးအား ရည်စူး၍ ပြုလုပ်ခြင်းလည်း ဖြစ်သည်။  

အဆိုပါပွဲကို ပြီးခဲ့သည့်နှစ် မတ်လအတွင်းက ပြုလုပ်ရန်စီစဉ်ခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါဖြစ်ပွားခဲ့မှုကြောင့် ပွဲအစီအစဉ်အား ရွှေ့ဆိုင်းခဲ့ရသည်။


ဆက်စပ် သတင်းများ