အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ကြေကွဲဝမ်းနည်းမှုကိုပြသသောအနေဖြင့် ရခိုင်သင်္ကြန်အပျော်အပါးလွန်ကျူးမှုမဖြစ်ရန် မဟာရက္ခိတအဖွဲ့ပန်ကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 9k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ မတ် ၃၁/၂၀၂၁
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အရေးအခင်းအတွင်း ပြည်သူများ သေကြေပျက်စီးမှုများရှိနေ၍ သင်္ကြန်အခါကြီးကာလအတွင်း အပျော်အပါးလွန်ကျူးမှုအား မပြသကြပါရန် မဟာရိက္ခတအဖွဲ့က ရခိိုင်ပြည်သူများသို့ မေတ္တာရပ်ခံပန်ကြားလိုက်သည်။
မဟာရိက္ခတအဖွဲ့ဥက္ကဋ္ဌ အာရ်ကန် ဦးမောင်လှ (ခ) ဦးမောင်သန်းနုက “ ကျွန်တော်တို့ အခု ရန်ကုန်၊ စစ်ကိုင်းတို့၊ မန္တလေးတို့ အပါအဝင် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် မြစ်ကြီးနားတို့မှာ ဖြစ်နေတဲ့ ဆန္ဒပြမှုနဲ့ ပတ်သက်လို့ ဟို ခလေးလေးတွေ သေကြေပျက်စီးနေတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ တိုင်းပြည်မှာ ဒီလို ဖြစ်နေတဲ့ အချိန်မှာ ရခိုင်ကနေပြီးတော့ ဒီလို ပျော်ပျော်ရွှင်ရွှင်နဲ့ သင်္ကြန်ထဲမှာ မော်တော်ကားတွေနဲ့ ဆောင်းဘောက်စ်တွေတင်ပြီး အဲသလို သီချင်းတွေ အကျယ်ကြီး ဖွင့်ပြီး ပျော်ပျော်ပါးပါး မလုပ်ကြဖို့ ဥစ္စာကို ကျွန်တော်တို့က မေတ္တာရပ်ခံတဲ့ သဘောပါ” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။
မေတ္တာရပ်ခံ ပန်ကြားလွှာအထဲတွင် ယခုအခါ ဗမာပြည်/ တိုင်းရင်းသားပြည်သူများ၌ ပြည်သူအပေါင်းရာနှင့်ချီ၍ သေကြေပျက်စီးနေကြသည်ကို မြင်တွေ့ရမှုအား အလွန်တရာမှ စိတ်မမြေ့ဖွယ်ခံစားနေကြရသော အချိန်ကာလ ဖြစ်ပါကြောင်း၊ ရှေးစကားပုံအတိုင်း အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ၊ အိမ်နောက်ပူ အိမ်ရှေ့ မချမ်းသာ အဖြစ်မျိုး ပြည်သူ/ ပြည်သားအပေါင်းတို့မှာ ကြေကွဲဝမ်းနည်းဖွယ်ခံစားနေကြရပါကြောင်း၊ သို့ဖြစ်ပါ၍ ယဉ်ကျေးသိမ်မွေ့သော ရက္ခိတပြည်သူအပေါင်းတို့က သေကြေပျက်စီးသွားကြသည့် မိသားစုများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းမှုကို ပြသသောအနေဖြင့် သင်္ကြန်အခါကြီးကာလအတွင်း ဆောင်းဘောက်(စ်)များ တင်ဆောင်၍ ကားကြီး၊ ကားငယ်များဖြင့် အပျော်အပါးလွန်ကျူးမှုအား မပြသကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအသိပေးပန်ကြားအပ်ပါကြောင်း ဖော်ပြထားသည်။
“ အဓိကတော့ ဘယ်လိုဆိုမလဲ။ ကျွန်တော်တို့ ရခိုင်ပြည်မှာ ဒုက္ခရောက်ခဲ့တုန်းကပေါ့။ ဒီရခိုင်ပြည်သူတွေ ဒုက္ခရောက်နေတဲ့ အချိန်မှာ ကျွန်တော်တို့ ဗမာတွေ အဓိကပေါ့။ ကျွန်တော်တို့ ရခိုင်အပေါ်မှာ မေတ္တာတရား၊ ဘုန်းကြီးက အစ လူက တစ်ယောက်မှ မရှိခဲ့ကြဘူး။ ကျွန်တော်တို့ဆီမှာ ကလေးတွေက အစ ဗုံးခိုကျင်းတွေမှာ သေတယ်။ ဒီလို ဖြစ်တာနဲ့ ပတ်သက်လို့ သူတို့က ပျော်တယ်။ ပျော်တဲ့နေရာမှာ ရက္ခိတွေ သေကြ၊ ရက္ခိတွေ သေတာကောင်းတယ်။ ဒါမျိုးတွေ၊ သူတို့ ဝမ်းသာအားရ ပီတိ ဖြစ်ပြီးတော့ ပြောကြဆိုကြတာတွေကို ကျွန်တော်တို့ အင်တာနက်မှာ မြင်ခဲ့ရတယ်။ ကတုံး မောင်မောင်အေးဆိုရင် သူက သူ့ရဲ့ ဖေ့စ်ဘုတ်ပေါ်က ဘယ်လိုပြောလည်းဆိုရင် ရက္ခိတွေကို နိုင်ငံတော် သီချင်းခိုင်း၊ မဆိုနိုင်တဲ့ အကောင်တွေကို ပစ်သတ်၊ ဒါမျိုးတွေ ဗမာတွေက ကျွန်တော်တို့ ရခိုင်မှာ ဖြစ်နေတုန်းကဆိုရင် ဟိုဟာ NLD အစိုးရဘက်က နေပြီးတော့ ပြောဆိုကြတဲ့ ဥစ္စာတွေ ကျွန်တော်တို့ ရင်ထဲမှာ ရှိနေတုန်းပါပဲ။ အဓိကတော့ NLD နဲ့ စစ်တပ် ပေါင်းသင်းနေတဲ့ အချိန်မှာပေါ့။ ပြေလည်နေတဲ့အချိန်မှာ။ ကျွန်တော်တို့ ရခိုင်ကို အပြုတ်တိုက်၊ အပြုတ်ချေမှုန်း၊ မြေကျန်ပြီး လူကျန်ဖို့ မလိုဘူး။ ဒါပေမယ့် ဒီနေ့ အချိန်မှာ သူတိ်ု့ဆီမှာ ဖြစ်တဲ့ အချိန်မှာ ကျွန်တော်တို့ ရခိုင်ကနေပြီးတော့ သနားနေတယ်။ အကုန်လုံး လိုလို ဘယ်လိုဆိုမလဲ။ ခံစားနေရတယ်။ အဲဒါကြောင့် ဒီလို ဖြစ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ သင်္ကြန်ကာလမှာ တစ်ဖက်က ပူဆွေးသောက ရောက်နေတဲ့ အချိန်မှာ ငါတို့ ရခိုင်တွေဟာ အပျော်လွန်ပြီးတော့ ကားတွေနဲ့ ဆောင်းဘောက်(စ်)တွေကို မြို့ကိုပတ် အဲသလို မလုပ်ကြဖို့အတွက် ကျွန်တော်တို့ကတော့ မေတ္တာရပ်ခံတာပါ” ဟု ပြောဆိုသည်။
ယခုကဲ့သို့ ပန်ကြားလွှာထုတ်ပြီး ပြောဆိုရခြင်းမှာ အဓိက ပြည်သူများ နစ်နာနေမှုကို မေတ္တာရပ်ခံသည့် သဘောဖြစ်ပါကြောင်း၊ နိိုင်ငံတော်အစိုးရကို ပုတ်ခတ်ပြောဆိုခြင်း မဟုတ်ကြောင်း ပြောဆိုသည်။
“ အဓိကတော့ ကျွန်တော်တို့ ရခိုင်ဟာ နှလုံးသားကောင်း မေတ္တာတရားကြီးမားတယ်ဆိုတာ ကျွန်တော်တို့က ဖော်ထုတ်ပြသတဲ့ သဘောပါပဲ။ ဒါလေးကို ကျွန်တော်တို့ တောင်းဆိုတာပါ။ ရခိုင်ပြည်သူတွေလည်း နားလည် သဘောပေါက်လိမ့်မယ်ထင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ကနေ သင်္ကြန်ကာလအတွင်းမှာ မဖြစ်သင့်တာ မဖြစ်ရအောင်၊ ဝမ်းနည်းပက်လက်နဲ့ ဖြစ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ ရခိုင်က မပျော်ဘူးဆိုတာကိ်ု ပြသဖို့အတွက် ပြည်သူတွေကို မေတ္တာရပ်ခံတောင်းဆိုတဲ့ သဘောပါ။ ကျွန်တော်တို့ အခုလုပ်တဲ့ ဥစ္စာမှာ နိိုင်ငံတော်အစိုးရကို ပုတ်ခတ်တာ၊ အစိုးရကို ပုတ်ခတ်လို့ ပြောတာ မပါဘူး။ အဓိက ပြည်သူတွေ နစ်နာနေတာကို ကျွန်တော်တို့က မေတ္တာရပ်ခံတဲ့ သဘောပါ။ အဲဒါလည်း တစ်ချက် ပြောချင်ပါတယ်။” ဟု အာရ််ကန် မောင်လှက ပြောဆိုသွားခဲ့သည်။

ဆက်စပ် သတင်းများ