ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

မောင်တောမြို့နယ် ဥဒေါင်းဓာတ်စေတီတော် မိုးကြိုးထိမှန်ပြီး စိန်ဖူးတော်မြေခ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7.5k

သိန်းဇော်(မောင်တော)
စစ်တွေ၊ စက်တင်ဘာ ၁/၂ဝ၁၉

ရခိုင်ပြည်နယ် အနောက်ဘက် အစွန်ဆုံး မောင်တောမြို့နယ်တောင်ပိုင်း၊ ဥဒေါင်းကျေးရွာတွင် တည်ထားကိုးကွယ်သည့် သမိုင်းဝင် ဥဒေါင်းဓာတ်စေတီတော်သည် ယမန်နေ့ ညနေက မိုးကြိုးထိမှန်ပြီး စိန်ဖူးတော်မြေခကာ စေတီတော်ကိုယ်ထည်လည်း ပျက်စီးသွားကြောင်း သတင်းရရှိသည်။

၎င်းစေတီသည် မောင်တော-အငူမော် ကားလမ်းဘေး ဥဒေါင်းကျေးရွာတွင် တည်ရှိကြောင်း၊  သြဂုတ်လ ၃၁ ရက် ညနေ ၅နာရီခန့်တွင် မိုးသည်းထန်စွာရွာသွန်းနောက် မိုးကြိုးပစ်ခံရကာ ပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကျန်က နိရဥ္စရာသို့ ပြောသည်။

 “မိုးကြိုးပစ်တာပါ။ စေတီကြီးကိုယ်ထည်က ကွဲအက်သွားတယ်။ စိန်ဖူးတော် ပြုတ်ကျသွားတယ်။ နောက်ပြီးတော့ အရံစေတီဖြစ်တဲ့ တနင်္ဂနွေထောင့်က စေတီကတော့ လုံးဝပျက်စီး သွားတယ်။ ပိုင်းသွားတယ်” ဟု ပြောသည်။

မိုးကြိုးပစ်ခံရပြီး ပြိုပျက်စီးသွားသည့် သမိုင်းဝင် ဥဒေါင်းဓာတ် စေတီတော်အား ပြန်လည်ပြုပြင်ရန် ကျေးရွာသားများကလည်း မတတ်နိုင်သည့် အတွက် ထိုစေတီတော်အား ပြန်လည် ပြုပြင်ရန် အခက်အခဲရှိကြောင်း၊ စေတီတော်အားပြန်လည်ပြုပြင်ရန် စေတနာရှင်များမှ အလှူငွေများကောက်ခံမှသာ ပြုပြင်နိုင်မည် ဖြစ်ကြောင်း ဦးမောင်ကျန်က ပြောသည်။

ဥဒေါင်းစေတီအား စစ်အစိုးရခေတ် မြန်မာ/ရခိုင် သက္ကရာဇ် ၁၃၅၅ခုနှစ် ကဆုန်လပြည့်နေ့၊ ခရစ်သက္ကရာဇ် ၁၉၉၃ ခုနှစ် မေလ ၅ ရက်နေ့  နံနက် ၉ နာရီ အချိန်တွင်တည်ထားကိုးကွယ်ခဲ့ပြီး စေတီ၏ အမြင့်ပေ ဥာဏ်တော်မှာ ၃၁ ပေ၊ လုံးပတ်ဥာဏ်တော်မှာ ၈ဝပေ ရှိပြီး အချင်း ဥာဏ်တော်မှာ ၂၇ပေရှိကြောင်း သိရသည်။

“စေတီကြီးပါအဝင် နောက်ထပ် အရံ စေတီအရံ ၄ဆူရှိပါတယ်။ စေတီကြီးမှာ စိန်ဖူးတော်က ပိုင်းကျသွားတယ်။ အရံစေတီငယ် ၄ဆူမှာ ၃ ဆူက ပျက်စီးသွားတယ်။ အရံစေတီငယ် နောက်တစ်ဆူပဲ ကျန်ခဲ့တယ်။ ပျက်စီးသွားတာက မနေ့ကဆိုတော့ ပြန်လို့ပြုပြင်ဖို့ ရွာသားတွေနဲ့လည်း မတိုင်ပင်ရသေးဘူး” ဟု ဥဒေါင်းကျေးရွာဆရာတော်က မိန့်ကြားသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့က ပေါက်တောမြို့နယ် တောင်ညိုကျေးရွာတွင် တည်ထားကိုးကွယ်သည့် အောင်မင်္ဂလာ ရှေ့ဟောင်းစေတီတော်တစ်ဆူလည်း မိုးကြိုးပစ်ခံရပြီး ပျက်စီးခဲ့ရကြောင်း သိရသည်။

ဆက်စပ် သတင်းများ