ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

မိုးကြိုးထိမှန်ပျက်စီးခဲ့သော မောင်တောမြို့နယ်မှ ဥဒေါင်းဓာတ်စေတီကို ပြန်လည်ပြုပြင်ရန် ကျပ်သိန်း ၂ဝဝခန့် လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.5k

မြတ်နှင်းခင်
နိရဥ္စရာ၊စက်တင်ဘာ ၁၇/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ ဥဒေါင်းကျေးရွာတွင် မိုးကြိုးထိမှန်ပျက်စီးခဲ့သည့် ရှေးဟောင်းသမိုင်းဝင် ဥဒေါင်းစေတီတော်ကို ပြန်လည် ပြုပြင်ရန် ကျပ်သိန်း ၂ဝဝ ခန့် လိုအပ်နေသည်ဟု သတင်းရရှိသည်။

အဆိုပါရှေးဟောင်းစေတီအားပြုပြင်ရန် အလှူရှင်များကို ဖိတ်ခေါ်မည် ဖြစ်ကြောင်း၊ အစိုးရဌာနဆိုင်ရာများကိုလည်း လိုအပ်လျှင် အကြောင်းကြားမည်ဖြစ်ကြောင်း၊ စေတီတော် ပြန်လည်ပြုပြင်ရန် ငွေကြေးအခက်အခဲဖြစ်နေကြောင်း မောင်တောမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးမောင်အုန်းက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

“အရံ ဘုရား သုံးဆူကိုတော့ အားလုံးဖျက်ပြီးတော့ လုပ်ရမယ့် အခြေအနေရှိတယ်။ မွမ်းမံရုံလောက်နဲ့ ရမှာမဟုတ်ဘူး။ အဟောင်းနဲ့ အသစ်ရောစပ်တဲ့အခါ ရေရှည်မှာ ခံနိုင်မှာ မဟုတ်ဘူး။ ငွေကြေးအပေါ်မှာ မူတည်ပြီးတော့ နိုဝင်ဘာလ လောက်မှာ ပြန်ပြီးပြုပြင်ဖြစ်မယ် ထင်တယ်။ အားလုံး ပြုပြင်ဖို့ ငွေကြေးခန့်မှန်းကတော့ သိန်း ၂ဝဝ လောက်ကုန်မယ် ထင်တယ်” ဟု ဦးမောင်အုန်းက ပြောသည်။

အဆိုပါရှေးဟောင်းသမိုင်းဝင် ဥဒေါင်းစေတီတော်သည် သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မိုးသည်း ထန်စွာရွာသွန်း ပြီးနောက် မိုးကြိုးထိမှန်ပြီး စေတီတော်၏စိန်ဖူးတော်မြေခကာ စေတီတော်ကိုယ်ထည်လည်း ကျိုးပိုင်း ပျက်စီးသွားကြောင်း သိရသည်။ အလားတူ အရံစေတီငယ်လေးဆူအနက် သုံးဆူသည်လည်း မိုးကြိုး ထိမှန်မှုကြောင့် အက်ကွဲပျက်စီးသွားခဲ့ကြောင်း ဥဒေါင်းစေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်သိန်းက ပြောသည်။

“ကျနော်တို့ ရွာက ဆင်းရဲတော့ ဒီစေတီကို ပြန်ပြီး ပြုပြင်ဖို့ မဖြစ်နိုင်သေးဘူး။ မြို့မိမြို့ဖတွေ ဆီက အလှူငွေ ကောက်ခံ ဖိုတော့ရှိတယ်။ ကျနော်တို့ အနေနဲ့တော့ ဒီရှေးဟောင်းဝင်စေတီကို ခိုင်ခိုင်ခန့်ခန့် ဖြစ်စေချင်တယ်။ အခုလောလောဆယ်က ငွေကြေးအခက်အခဲဖြစ်နေတယ်။ ဒီစေတီပြုပြင်ဖို့က ငွေကြေးအပေါ်မှာ မူတည်ပြီးတော့ ၁ လ၊ ၂ လ လောက်ကြာချင်ရင်လည်း ကြာဦးမယ်။ ဖြစ်နိုင်ရင်တော့ အစိုးရနဲ့ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေက ဒီစေတီကိုပြုပြင်ဖို့အတွက် အကူအညီပေးစေချင်တယ်” ဟု ဂေါပက ဥက္ကဋ္ဌ ဦးအောင်ကျော်သိန်းက ပြောသည်။

ဥဒေါင်းစေတီတော်၏ ဥာဏ်တော်အမြင့်မှာ ၃၁ ပေ၊ လုံးပတ်ဥာဏ်တော်မှာ ၈ဝ ပေနှင့် အချင်း ဥာဏ်တော်မှာ ၂၇ ပေရှိပြီး ဘီစီ ၂၉၃ ခု၊ ခရာဇ်နှစ် ၁၅၃၂ ခုနှစ်တွင် ရခိုင်ဘုရင် သူရိယစက္ကမင်းက ဘုရားရှင်၏ လည်ရိုးတော်ဓာတ်ကို ဌာပနာ၍တည်ထားခဲ့သည့် ရှေးဟောင်းသမိုင်းဝင်စေတီတော်တစ်ဆူဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့ကလည်း ပေါက်တောမြို့နယ် တောင်ညိုကျေးရွာတွင် တည်ထားကိုးကွယ်သည့် အောင်မင်္ဂလာ ရှေးဟောင်းသမိုင်းဝင် စေတီတော်တစ်ဆူလည်း မိုးကြိုးပစ်ခံရပြီး ပျက်စီးခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ