သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မေတ္တာအာရီယာန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေစျေးရောင်းပွဲတော်ကို လာမည့်တန်ဆောင်တိုင်တွင် ထပ်မံ ပြုလုပ်ကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.1k

သိန်းဇော်(မောင်တော)
စစ်တွေ၊ အောက်တိုဘာ ၁၇/၂ဝ၁၉

မေတ္တာအာရီယာန်ဖောင်ဒေးရှင်းမှ ဆင်းရဲနွမ်းပါးသည့်ကျေးလက်ဒေသမှ ကလေးငယ်များကို ရှင်ပြုပေးရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည့် မေတ္တာအာရီယာန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေစျေးရောင်းပွဲတော်ကို လာမည့်တန်ဆောင်တိုင်တွင် ထပ်မံ ပြုလုပ်ကျင်းပမည်ဟု သတင်းရရှိသည်။ 

မေတ္တာအာရီယာန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေစျေးရောင်းပွဲတော်ကို စစ်တွေမြို့၊ ကမ်းနားလမ်း၊ အာရီယာန်စားသောက်ဆိုင်ရှေ့ မျက်နှာစာတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၂မှ ၁၃ ရက်နေ့အထိ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး တန်ဆောင်တိုင်ထပ်မံ ပြုလုပ်သွားမည်ဟု သိရသည်။

မေတ္တာအာရီယာန် ဖောင်ဒေးရှင်းမှ ရန်ပုံငွေရရှိရေး စျေးရောင်းပွဲတော်ကို ဆင်းရဲနွမ်းပါးသည့် မိသားစုဝင်များမှ ကလေးများအား ရှင်ပြု၊ မေသီလရှင် ဝတ်ပေးနိုင်ရေး အတွက် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း ၎င်းဖောင်ဒေးရှင်း အတွင်းရေးမှူး ကို တင်ငြိမ်းဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

 “ကျနော်တို့ က ဆင်းရဲနွမ်းပါးတဲ့ မိသားစုမှ ကလေးတွေကို ရှင်ပြု မေသီလရှင်ဝတ်ပေးဖို့ အလှူအတွက် ကျနော်တို့ မတည်ငွေရအောင် ဒီလို ရန်ပုံငွေ ရှာဖွေရေး စျေးရောင်းပွဲကို စီစဉ်ရတာဖြစ်ပါတယ်။ ရှင်ပြု မေသီလရှင် ဝတ်ပေးမှာကလည်း ကျနော်တို့ စွမ်းအားရှိသလောက် အထူးသဖြင့် ရန်ပုံငွေရရှိမှုအပေါ် မှုတည်ပြီးတော့ ပြုလုပ်သွားမှာပါ ” ဟု ၎င်းက ပြောသည်။

စျေးရောင်းပွဲတော်ကျင်းပရာတွင် ကုန်ကျစရိတ်များသဖြင့် အကျိုးအမြတ်နည်းနေသည့်အတွက် ကုန်ကျထားသည့် စရိတ်များအား ရရှိအောင် နောက်လတွင်လည်းထပ်မံ စျေးရောင်းပွဲ ထပ်မံကျင်းပသွားမည်ဟု ကိုတင်ငြိမ်းဦးက ဆက်ပြောသည်။

“အခုကျင်းပခဲ့တဲ့ပွဲမှာ အခုရခိုင်မှာဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ဆက်ဆပ်ပြီးတော့ ပွဲလမ်းသဘင်တွေလည်း အရမ်းနည်းလာပါတယ်။ အများပြည်သူတွေက ငွေကုန်ကြေးကျ အနည်းဆုံးနဲ့ ဒီလိုပွဲခင်းလေးတစ်ခုကို သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပိုမိုပြည့်စုံပျော်ရွှင်စေချင်တဲ့ ဆန္ဒနဲ့ ကျနော်တို့ ဒီပွဲကိုနောက်ထပ်တစ်ခေါက်လုပ်ပြီးတော့ ရန်ပုံငွေရှာဖို့ အစီစဉ် ရှိနေပါတယ် ” ဟု ပြောသည်။

ရှင်ပြုပွဲကျင်းပသည့်အခါတွင်လည်း ရခိုင်တွင် ဝေးလွန်ခေါင်းပါးသည်နေရာ များ၊ မြို့နှင့်လှမ်းဝေးသည့် နေရာများ၊ ဘာသာ သာသနာအတွက် ဓနအင်းအားနည်းနေသည့် နေရာများကို အဓိကထားပြီး ရှင်ပြု သီလရှင်ဝတ်အလှူမင်္ဂလာ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း၊ စျေးရောင်း ရန်ပုံငွေရှာကာ ဆင်းရဲနွမ်းပါးသည့် မိသားစုဝင်များမှ ကလေးများအား ရှင်ပြု အလှူလုပ်ပေးသည်မှာ ၂နှစ်မြောက်ရှိခဲ့ပြီယခုနှစ်ဆိုလျှက် ၃ နှစ်ရှိပြီဟု အသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 “ရှင်ဝတ်ပြီးရင်လည်း ကျောင်းမှာ ရှင်ပြုတဲ့ကလေးများအတွက် ပရိက္ခရာဝယ်ယူအသုံးပြုရတဲ့ စရိတ်ရှိသလို နောက်ပြီးတော့ သီလရှင်တွေ ကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့အခါ ဆွမ်းကပ်ဖို့အတွက် ဆွမ်းအဟာရ တွေမျှတဖို့အတွက် ကျနော်တို့ဖက်က ထောက်ပံ့လှူဒါန်းရတဲ့ အပိုင်းနှစ်ပိုင်းရှိပါတယ်။ ဒီနှစ်မှာတော့ အရင်နှစ်တွေထက် ပိုပြီးတော့ အရေအတွက်များများ လုပ်နိုင်ဖို့လို့တော့ ထင်ပါတယ်” ဟု မေတ္တာအာရီယာန် ဖောင်ဒေးရှင်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။

မေတ္တာအာရီယာန် ဖောင်ဒေးရှင်းသည် လွန်ခဲ့သည့်နှစ်က လူငယ် ၈ဝ ကျော်ကို သာသနာ့ အမွေကို ခံယူရန် မောင်ရှင်၊ သီလရှင် သွတ်သွင်းပေးခဲ့သည်ဟု သိရသည်။

မေတ္တာအာရီယာန်ဖောင်ဒေးရှင်း အသင်းကို စစ်တွေမြို့တွင် ၂ဝ၁၆ ခုနှစ်က စတင်တည်ထောင်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ- မေတ္တာအာရီယာန်ဖောင်ဒေးရှင်း

ဆက်စပ် သတင်းများ