အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

နိုင်ငံတော် သြဝါဒစရိယ စစ်တွေမြို့ ဒက္ခိဏာရာမကျောင်းဆရာတော်ကြီး ရန်ကုန်တွင် ပျံလွန်တော်မူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 5.5k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၆ / ၂ဝ၂ဝ
 
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်တွင် သီတင်းသုံးနေထိုင်တော်မူသော ဒက္ခိဏာရာမ ပရိယတ္တိ ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက ဖြစ်တော်မူသော နိုင်ငံတော် သြဝါဒ စရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍတိတ၊ အဂ္ဂမဟာသဒ္ဓမ ဇောတိက ဓဇ၊  ဘဒ္ဒန္တစန္ဒ မဟာထေရ် မြတ်ကြီးသည် ရန်ကုန်မြို့တွင် ပျံလွန်တော်မူသွားပြီဖြစ်ကြောင်း သိရသည်။
 
ဆရာတော်ကြီး သည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ ညနေ ၄ နာရီ ၂၃ မိနစ်အချိန်တွင် ရန်ကုန်မြို့ရှိ အာယုအထူးကုဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် ပျံလွန်တော်မူသွားခြင်းဖြစ်သည်ဟု ဆရာတော်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။
 
̏ မပျံလွန်ခင် ဆရာတော် နောက်ဆုံးဖြစ်တာက နှလုံးရောဂါပါ။ နှလုံးအထူးကြပ်မတ် ကုသမှု ခံယူနေရင်းနဲ့ ပျံလွန်တော်မူသွားတာပါ။ အရင်ဖြစ်တာကတော့ သက်တော်ကြီးတဲ့ ပုဂ္ဂိုလ်တွေမှာ ဖြစ်နေကျ ဝေဒနာတွေ နည်းနည်းပါးပါး ဖြစ်တာပေါ့။ သက်သာလိုက်၊ ဆေးရုံကဆင်းလိုက်၊ ဆေးရုံပြန်တက်လိုက် ဖြစ်နေတာနဲ့ ဒီတစ်ကြိမ်တော့ စစ်တွေဆေးရုံမှာလည်း  ၁ဝ ရက် လောက်နေပြီးမှ ရန်ကုန်ပြောင်းသွားတာဖြစ်တယ်။ ဒီကနေ့ အခြေအနေဆိုးဝါးလို့ ပျံလွန်တော် မမူခင် စစ်တွေကို လေကြောင်းနဲ့ ယူလာဖို့ ပြင်ဆင်နေတာ။ ဒီလို ပြင်ဆင်နေတဲ့အချိန်မှာပဲ အခြေအနေက ပိုဆိုးလာပြီး အထူးကြပ်မတ်ဆောင်မှာ ပျံလွန်တော်မူသွားတာပါ˝ဟု ဆရာတော်၏ တကာတစ်ဦးဖြစ်သူ ဦးတင်ငြိမ်းဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
 
ဆရာတော်သည် ပျံလွန်တော်မူချိန် သက်တော် ၈၉ နှစ်၊ သိက္ခာတော် ၆၉ ဝါ ရှိပြီဖြစ်သည်။
 
ဆရာတော်ကြီးလျောင်းလျာကို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာနေ ခမည်းတော် ဦးကံကြီးအောင်နှင့် မယ်တော်ဒေါ် ညိုပုချေတို့က ၁၂၉၃ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက်၊ ခရစ်နှစ် ၁၉၃၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်၊ အင်္ဂါနေ့တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့ပြီး မွေးချင်းလေးဦးအနက်  ဒုတိယမြောက် သားကောင်းရတနာဖြစ်ကြောင်း ဆရာတော်၏ ထေရုပ္ပတ္တိ အကျဉ်း စာအုပ်တွင် ဖော်ပြထားသည်။
 
ဆရာတော်ကြီးသည် ယမန်နှစ်က ပျံလွန်တော်မူခဲ့သော ပုသိမ်ဆရာတော်ကြီး ဘဒ္ဒန္တပဏ္ဍိတ၏ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်ကပ်ခံရပြီး နောက်တစ်နှစ်တွင် ရခိုင်ပြည်နယ်၏ ဒုတိယမြောက် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့ ဆက်ကပ်ခံရသည့်ပုဂ္ဂိုလ်ဖြစ်သည်။ တပည့်ရဟန်းများစွာကိုလည်း မွေးထုတ်နိုင်ခဲ့သူဖြစ်သည်ဟုလည်း သိရသည်။
 
လက်ရှိတွင် ဆရာတော်၏ကြွင်းကျန်ရစ်သော ရုပ်ကလပ်တော်ကို ယနေ့ ဖေဖော်ဝါဂါရီ ၁၆ ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်မှ စစ်တွေသို့ လေကြောင်းဖြင့် ပင့်ဆောင်သွားပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သီတင်းသုံးနေသော အဓိပတိ ဆရာတော်ကြီးများ တစ်ပါးပြီး တစ်ပါး အချိန် နီးကပ်စွာ ပျံလွန်တော်မူနေရာ ဒက္ခိဏာရာမကျောင်း ဆရာတော်ကြီးမှာ ပဥ္စမ မြောက် ဆရာတော်ကြီးဖြစ်ကြောင်း သိရသည်။

ဆရာတော်ကြီး မပျံလွန်မီ ပျံလွန်တော်မူသွားသော ဆရာတော်ကြီးများမှာ စစ်တွေမြို့မှ ကျားရုပ်ဆရာတော်ကြီး၊ ကံတော်ကြီးကျောင်း ဆရာတော်ကြီး၊ စိတ္တသုခကျောင်း ဆရာတော်ကြီး၊ သဒ္ဓမ္မဂုရု ပုသိမ်ကျောင်းဆရာတော်ကြီးတို့ ဖြစ်ကြသည်။

------------------------------------

Unicode:
 
နိရဉ်စရာ၊ ဖဖျေောဝါရီ ၁၆ / ၂ဝ၂ဝ
 
 
 
 
 
 
 




ဆက်စပ် သတင်းများ