ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

လူထုဆန္ဒဖြင့်ဖြုတ်ချထားသည့် ကျောက်တော်မဟာမြတ်မုနိဘုရားပေါ်မှ မကိုဋ်တော်ဟောင်းကို သံဃာတော် (၅ဝ)ကျော်ဆန္ဒဖြင့် ပြန်တင်မှု အမြင်မတူမှုများပေါ်ပေါက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 2.3k

မာန်ယုကျော် (ရွှေဝမြေ)

နိရဥ္စရာ၊ ဇွန် ၅ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ မဟာမြတ်မုနိဘုရားဦးတော်ပေါ်မှ ပြီးခဲ့သည့် (၃)နှစ်ကျော် အကြာက လူထုဆန္ဒဖြင့်ဖြုတ်ချထားသည့် မကိုဋ်တော်အဟောင်းကို သံဃာတော်အပါး (၅ဝ)ကျော် ဆန္ဒဖြင့် ယနေ့ ရခိုင်ကဆုန်လပြည့်နေ့တွင် ပြန်တင်လိုက်သည့် အပေါ် အမြင်မတူမှုများ ပေါ်ပေါက် နေသည်ဟု သိရသည်။

အဆိုပါမကိုဋ်တော်ကို မဟာမြတ်မုနိဘုရားဂေါပကအဖွဲ့၏ သြဝါဒစရိယဆရာတော်ကြီးဖြစ်သော ကျောက်တော်မြို့နယ်မှ သိန်းတန်ဆရာတော်ကြီး ဦးဣန္ဒမာလာဦးဆောင်ကာ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်တို့မှ ဆရာတော်၊ သံဃာတော်အပါး (၅၄)ပါးဖြင့် ဇွန်လ ၅ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန်တွင် တင်ခဲ့ကြခြင်းဖြစ်သည်။

မဟာမြတ်မုနိဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးညိုသာလှက "မကိုဋ်မရှိရင် တိုင်းသူပြည်သားတွေဟာ အားလုံး ဗျာဒိဒုက္ခရောက်မယ်။ ဆရာတော်ကြီးတွေက။ ဒါကြောင့် ကျန်းမာ၊ ချမ်းသာဖို့တင်တယ်လို့ ပြောပါတယ်။ ကျနော်တို့က ဘုရားတကာဆိုတာက အဲဒီသံဃာတော်တွေရဲ့၊ သာသနာပိုင် ဆရာတော်တွေရဲ့ သဘောအတိုင်းပဲ ကျနော်တို့မှာ ဆောင်ရွက်ရတာ။ ကျနော်တို့ သဘောနဲ့ တင်တာက တစ်ခုမှမပါဘူး"ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယင်းသို့မကိုဋ်တော်အားပြန်တင်ရာတွင် ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း၊ ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် မေတ္တာပို့ခြင်းစသည်တို့ကို ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။ 

သို့သော် မကိုဋ်တင်ရန်အတွက် ဒေသအာဏာပိုင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာန၊ မြို့နယ် သံဃာ့နာယကအဖွဲ့၊ မြို့မိမြို့ဖနှင့် မြို့လူထုတို့ထံ တစ်စုံတစ်ရာ အသိပေးအကြောင်းကြားခြင်း မရှိခဲ့ဟုလည်း သိရသည်။

ကျောက်တော်မြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဦးသောဘိတက "မကိုဋ်တော်ကိုတင်ပြီးရင်လည်း ဦးဇင်းတို့ကို တစ်ယောက်မှ အကြောင်းမကြားဘူး"ဟု နိရဥ္စရာသို့ မိန့်သည်။

မဟာမြတ်မုနိဘုရားဆင်းတုတော်အား ရှေးမူမပျက်ဖူးမြော်လိုသည့်ရည်ရွယ်ချက်ဖြင့် ဆင်းတုတော်တွင် ဆင်မြန်းထားသည့် မကိုဋ်တော်နှင့်စလွယ်တော်များကို ဖြုတ်ချပေးရန် ဒေသခံလူထုနှစ်ထောင်ခန့်က ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ နေ့လယ်တွင် ကျောက်တော် မြို့ပေါ်မှ မဟာမြတ်မုနိဘုရားအထိ လမ်းလျှောက်ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ဆန္ဒပြတောင်းဆိုကြသူများ၏သဘောဆန္ဒအရ ယင်းနေ့ ညနေပိုင်းတွင် အဆိုပါမကိုဋ်တော်နှင့် စလွယ်တော်များကို ဆန္ဒပြတောင်းဆိုသူတချို့က တက်ရောက်ဖြုတ်ချခဲ့ကြခြင်းဖြစ်သည်။

ယခုကဲ့သို့ အများသဘောဆန္ဒဖြင့် ဖြုတ်ချထားသည့် မကိုဋ်တော်ကို အများဆန္ဒမပါဘဲ ပြန်တင်သည့် လုပ်ရပ်သည် အာဏာရှင်ဆန်သည့်လုပ်ရပ်ဖြစ်ပြီး ရခိုင်လူထုကို စော်ကားသည့် လုပ်ရပ် ဖြစ်သည် ဟုလည်း ကျောက်တော်မြို့ပေါ်မှ စာရေးဆရာ သူမြတ်(မဟာအောင်မြေ)က နိရဥ္စရာသို့ ပြောသည်။

"ရခိုင်တစ်ပြည်လုံးမှာရှိတဲ့ ပြည်သူတွေရဲ့ ဆန္ဒအရ ဖြုတ်ချထားတဲ့ ဒီမကိုဋ်ကို ပြန်ပြီး တစ်ယောက်တည်း လာပြီးတင်တယ်ဆိုတာက လုံးဝ အဓိပ္ပာယ်မရှိတဲ့ အသွင်မျိုးကို ဆောင်တယ်။ ဒါဟာ အာဏာရှင်စနစ်ဆန်တဲ့ စနစ်ဖြစ်တယ်လို့ ကျနော်တို့က ထင်မြင်ယူဆတယ်။ ဒီခေတ်က အာဏာရှင်စနစ်လည်း ကုန်ဆုံးသွားပြီ။ ဒါပေမယ့် ဒါတွေကို လက်ကိုင်သုံးနေတယ်ဆိုကတည်းက ဒါဟာ ကျနော်တို့အမြင်အရဆိုရင် အရမ်း ပြည်သူလူထုတွေကို မလေးမခန့်၊ ရခိုင်လူထုကို လုံးဝ စော်ကားတယ်လို့ ကျနော်တို့ ထင်မြင်ယူဆမိတယ်"ဟု စာရေးဆရာ သူမြတ်(မဟာအောင်မြေ)က ပြောသည်။

မဟာမြတ်မုနိဘုရားအား မကိုဋ်တော်ဖြင့် တင့်တယ်သပ္ပာယ်စေလိုသည့်ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ပြန်တင်လိုက်ရခြင်းဖြစ်သည်ဟု မကိုဋ်တော်အား ကိုယ်တိုင်ပြန်တင်ခဲ့သူ သိန်းတန်ဆရာတော်ကြီး ဦးဣန္ဒမာလာက နိရဥ္စရာသတင်းဌာနသို့ မိန့်ကြားသည်။

"အရင်အထက်ထက်ကနေ မကိုဋ်ရှိခဲ့တယ်။ အဲဒါကို မသမာသူတချို့ မကိုဋ်ကို ဖြုတ်ချပစ်ကြတယ်။ မကိုဋ်မရှိဘဲဖြစ်နေတယ်။ လက်ဝဲရံ၊ လက်ယာရံတပည့်နှစ်ပါးက မကိုဋ်နဲ့။ အလယ်မှာ ဘုရားက မကိုဋ်မရှိ၊ မတင့်တယ်၊ မသပ္ပာယ်ဖြစ်နေတယ်။ အဲဒီရည်ရွယ်ချက်နဲ့ တင်တာ။ ဒါဟာ အကျိုးရှိရာ ရှိကြောင်းအတွက် လုပ်တာလို့ မြင်တဲ့သူက နည်းတယ်။ ဝေဖန်မယ်။ အဲလို ဝေဖန်အားကြီးလို့ ရခိုင်ပြည် ဒီလိုဖြစ်နေတာ"ဟု သိန်းတန်ဆရာတော်ကြီး ဦးဣန္ဒမာလာက မိန့်သည်။

ယခုပြန်တင်လိုက်သည့် မကိုဋ်တော်ဟောင်းမှာ ယခင် ၁၉၉၃ ခုနှစ်က ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင် တပ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။ သို့သော် သိန်းတန်ဆရာတော်ကြီးကမူ အဆိုပါမကိုဋ်တော်မှာ ယခင် ဗိုလ်မှူးချုပ် ခင်မောင်က တင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(မကိုဋ်ပြန်တင်ထားသည့်ပုံတော်အားတွေ့ရစဉ်/ ဓာတ်ပုံ- မြို့ဦးခေါင်းကျောင်းတိုက်ဆရာတော်။)


ဆက်စပ် သတင်းများ