စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဆံတော်ရှင်စေတီတော်ပြုပြင်မွမ်းမံရန်အတွက် တပ်မတော်(ရေ)မိသားစုမှ ငွေလှူဒါန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 9.9k

ဇော်ဝင်းဌေး(ငခူချောင်း)
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၂/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ မြေငူကျွန်းပေါ်တွင်တည်ရှိသည့် တန်ခိုးကြီးဆံတော်ရှင်စေတီတော် ပြုပြင်မွမ်းမံရန်အတွက် တပ်မတော်(ရေ)ရှိ အရာရှိ၊စစ်သည်၊မိသားစုများက ဒီဇင်ဘာ(၁ဝ)ရက်နေ့က ငွေကျပ်သိန်း (၂ဝ) ကျော် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

စစ်တွေခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက “ရခိုင်ပြည်နယ်က ရေတပ်ဌာနနဲ့ခရိုင်ရုံးတို့ စုပေါင်းပြီးတော့ လှူဒါန်းကြတာပါ။ အလှူငွေကတော့ သိန်း၂ဝ ကျော် အလှူငွေ ထည့်ဝင်ကြတာပါ”ဟု ပြောဆိုသည်။

တန်ခိုးကြီးဆံတော်ရှင်ဘုရားတွင် အလှူငွေများလိုအပ်နေကြောင်းကို နိရဥ္စရာသတင်းဌာနမှ တဆင့် တွေ့ရပြီးနောက် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ပြောဆိုသည်။

ဆံတော်ရှင်ဂေါပကအဖွဲ့မှအတွင်းရေးမှူး ဦးဦးကျော်ညွှန့်က “ ရေတပ်မိသားစုက ဆံတော်ရှင်စေတီ ပြုပြင်ရန် စုပေါင်းလှူဒါန်းတဲ့ ငွေကို လက်ခံရရှိပါတယ်။ စုစုပေါင်း ကျပ်သိန်း ၂ဝ ကျော်ပါ။ အားလုံးကို သာဓုခေါ်ပါတယ်” ဟု ပြောကြားသည်။

ဆံတော်ရှင်ဘုရားသည် ရှေးခေတ်ကတည်းက တည်ထားသည့် စေတီတော်တစ်ဆူဖြစ်သဖြင့် နှစ်ကြာလာသည်နှင့် အမျှသဘာဝ ဘေးအန္တာရာယ်ကြောင့် ယိုယွင်းပျက်စီးမှုများ ရှိလာနေသည်ဟု ပြောသည်။

“သဘာဝဘေးအန္တာရာယ်ကြောင့် ဖြစ်တာပါ။ ရေက တဖြည်းဖြည်းနဲ့ဓာတ်တော်ခြေရာအထိ ရေတိုက် စားလာနေတာပါ။ အရင်တုန်းကဆိုရင် လယ်မြေ ကွက်နှစ်ကွက်နောက်မှာဘဲ ရေမျက်နှာပြင်က ရှိနေတာ။ ခုဆိုရင် ရေမျက်နှာပြင်က တဖြည်းဖြည်းမြင့်တက်လာနေပါတယ်။ လယ်ကွက်တွေကို ရေလွှမ်းလာတယ်။ တောင်ကိုယ်တိုင်ကလည်း တုန်ခါမှု ရှိနေတယ်။ ဒါကြောင့်မို့ရင်ပြင်တော်က နှစ်စဉ်နှစ်တိုင်း အက်ကွဲ လာနေရတာပါ။ စေတီတော် လုံးပတ်ကလည်း ဒီအတိုင်းပါဘဲ။ ခုနှစ်ပြုပြင်လိုက်ရင် နောက်နှစ်ဆို ပြန်အက်ကွဲလာတယ်”ဟု နိရဥ္စရာ သတင်းဌာသို့ပြောသည်။

ဆံတော်ရှင်စေတီတော် ပြုပြင်မွမ်းမွံရန်အတွက် အလှူငွေများလိုအပ်နေပြီး အစိုးရအဖွဲ့၊ အတတ်ပညာရှင်၊ အသိပညာရှင်များမှလည်း ပူးပေါင်းထိန်းသိမ်းကာကွယ်သင့်သည်ဟု သူက ဆက်ပြောသည်။

“ဒါက ဂေါပကတစ်ခုတည်း လုပ်ဆောင်လို့ရမယ့်ကိစ္စမဟုတ်ပါဘူး။ အစိုးရအဖွဲ့၊ အတတ်ပညာရှင်တွေ၊ အသိပညာရှင်တွေ ပူးပေါင်းလုပ်ဆောင်မှဘဲ ပိုမိုအဆင်ပြေသွားမယ်။ ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း လက်ထက်တုန်းက တခါလုပ်ခဲ့သေးတယ်။ ခုတစ်ခါ ပြန်အက်ကွဲသွားတယ်။ ဒါကြောင့်မို့ အကူအညီတွေလည်း လိုအပ်နေပါတယ်” ဟုပြောသည်။

တန်ခိုးကြီး ဆံတော်ရှင်ဘုရားသည် မြေငူကျွန်းတောင်ဘက် အစွန်းဆုံးနီလာပဗ္ဗတ တောင်ပေါ်တွင် ကိန်းဝပ်နေသည့် သမိုင်းဝင်စေတီတစ်ဆူဖြစ်ပြီး ဘုရားရှင်၏ ဆံတော်ဓါတ်ကို ဌာပနထည့်သွင်းတည်ထားသည့် စေတီတစ်ဆူဖြစ်ကြောင်း ရခိုင်သမိုင်းမှတ်တမ်းများအရ သိရသည်။

ဆက်စပ် သတင်းများ