သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်မှတန်ခိုးကြီးဆံတော်ရှင်ဘုရားပွဲတော်မကျင်းပသော်လည်း ဘုရားဖူးလာရောက်သူများပြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 4.5k

သျှင်မင်းဇံ
နိရဥ္စရာ ၊ ဒီဇင်ဘာ ၂၁ / ၂ဝ၂ဝ

ကိုဗစ်ကပ်ရောဂါနှင့် ဒေသအခြေအနေကြောင့် ယခုနှစ်တွင် ဆံတော်ရှင်ဘုရားပွဲတော်ကို တရားဝင်မကျင်းပရန် ဘုရားဂေါပကမှဆုံးဖြတ်ထားသော်လည်း ဘုရားဖူးလာရောက်ကြသူများပြားနေကြောင်း သတင်းရရှိသည်။

ဂေါပကအဖွဲ့ဝင် ဦးအောင်မြတ်သာက "အခုက ဒီနှစ်မှာလည်း ပွဲတော့ မဖြစ်ဘူးလေ။ ဒါပေမယ့်လည်း စနေ့၊ တနင်္ဂနွေဆိုရင် ဘုရားဖူးသူတွေ ရောက်လာကြတယ်။ ဘုရားဖူးသူတွေ အရင်ထက် ပိုများလာပါတယ်"ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ) မြေငူကျွန်းပေါ်တွင်တည်ရှိသည့် တန်ခိုးကြီး ဆံတော်ရှင်ဘုရားကို နှစ်စဉ် နတ်တော်လဆန်း ၇ ရက် ၈ရက်မှ စပြီး နတ်တော်လပြည့်ကျော်တစ်ရက်ထိ ကျင်းပလာခဲ့ကြသော်လည်း ၂ဝ၁၉ ခုနှစ်ကစပြီး နယ်မြေဒေသ အခြေအနေ မတည်ငြိမ်မှုကြောင့် ကျင်းပ နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

“ ဒီနှစ်နယ်မြေက ငြိမ်းချမ်းနေပေမယ့် ကိုဗစ်ကပ်ရောဂါဖြစ်နေတော့ ဘုရားပွဲတော်က ကျင်းပဖို့ မဖြစ်နိုင်ပြန်ဘူး။ ၂ နှစ်ထိ ပွဲတော်မကျင်းပနိုင်ဆို်တော့လည်း လူတွေက သူတို့စိတ်ဆန္ဒနဲ့ သူတို့ ဘုရားဖူး လာကြတာပေါ့။ အခုဆိုရင် တစ်နေ့ကို တစ်ရာ၊နှစ်ရာ ဘုရားဖူးတွေ ရောက်နေကြပါတယ်” ဟု ၎င်းက ဂေါပက လူကြီးက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခနှင့် ကိုဗစ် ကပ်ရောဂါကြောင့်  လပေါင်းများစွာ အိမ်တွင်းအောင်းနေရသဖြင့် ဘုရားလည်းဖူးရင်း စိတ်အပန်းဖြေရင်း လာရောက်ခြင်း ဖြစ်ကြောင်း  စစ်တွေမြို့မှ ဘုရားဖူးလာသူ ကိုငြိမ်းစိုးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

" ဆံတော်ရှင် ဘုရားဖူးမသွားဖြစ်တာ ၂ နှစ် ရှိနေပါပြီ။ ကျွန်တော်တို့ ငယ်ငယ်ကည်းဆို  အမြဲတမ်း ဘုရားဖူးလာတယ်။ ဆံတော်ရှင်ဘုရားဆို အရမ်းပျော်စရာကောင်းတယ်။ ပင်လယ်ကမ်းခြေက တောင်ပေါ်မှာ တည်ရှိတဲ့ စေတီကလည်း အရမ်းသပ္ပါယ်တယ်။  ဘုရားလည်းဖူးရင်း သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ပင်လယ်ကမ်းခြေတစ်လျှောက် သွားလာရင်း လာရင်း၊ လျှောက်လည်ရင်းနဲ့ အရမ်းပျော်စရာကောင်းတဲ့ ပွဲတော်ပါ။ အခုလည်း လမ်းသစ်ဖောက်ထားတော့ မြင်ကွင်းအသစ်တွေနဲ့ အရမ်း စိတ်အပန်းပြေစေပါတယ်” ဟု ပြောကြားသည်။

ဘုရားပွဲတော် မကျင်းပသော်လည်း ဘုရားဖူးများ လာရောက်နေကြသဖြင့် နတ်တော်လပြည့်မကျော်မီ ဘုရားဖူးများ အများအပြား ရောက်လာရန် မျှော်လင့်ရသည်ဟု ၎င်းက ပြောသည်။

“ အရင်က ဆံတော်ရှင်တောင်တက်လမ်းတွေက ကျဉ်းလွန်းပြီး တောင်ကြာတွေကို ဒေသခံ ရွာသူရွာသား တွေက တတ်နိုင်သလောက် ဖောက်လုပ်ထားတာ။ ယခုက တောင်ကြာလမ်းတွေဆိုရင် ဆိုင်ကယ်တွေနဲ့ပါ  သွားလာနိုင်အောင် လမ်းအကျယ်ကြီး အသစ်ဖောက်လုပ်ထားတော့ လမ်းမလျှောက်နိုင်တဲ့ အသက်ကြီးသူတွေ ဆိုင်ကယ်နဲ့ သွားလာလို့ရသလို လမ်းလျှောက်နိုင်တဲ့ လူငယ်များတွေက ပျော်ပျော်ပါးပါး တောင်တက်၊ လမ်းလျှောက်ပြီး ဆံတော်ရှင်တောင်တက်ရတာ အရသာတမျိုးနဲ့ ပျော်စရာကောင်းပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဆံတော်ရှင်ဘုရားသွား တောင်ကျော်လမ်းကို စစ်တွေအခြေစိုက် သန်းနိုင်နှင့် မိသားစုကုမ္ပဏီမှ စက်ယန္တရားကြီးများကို အသုံးပြုကာ ကုမ္ပဏီဝန်ထမ်းများ၏ လုပ်အားဒါနဖြင့် များမကြာမီက ဖောက်လုပ် ခဲ့သည်ဟု သိရသည်။

ဆံတော်ရှင်ဘုရားပွဲတော်ကို နှစ်စဉ် နတ်တော်လဆန်း ၇ ရက်နေ့မှစပြီး လပြည့်ကျော် တစ်ရက်နေ့အထိ ကျင်းပလေ့ရှိကာ ဘုရားဖူးသူသိန်းနှင့်ချီကာလာရောက်ကြသဖြင့် အလွန်စည်းကားသည့် ရခိုင်ပြည်နယ်မှ ဘုရားပွဲတော် ဖြစ်ခဲ့ကြောင်း သိရသည်။

ဆံတောင်ရှင်ဘုရားသည် မြေငူကျွန်းတောင်ဘက်အစွန်းဆုံး နိလာပဗ္ဗတတောင်ပေါ်တွင် တည်ထားသည့် သမိုင်းဝင်စေတီတစ်ဆူးဖြစ်ပြီး ဘုရားရှင်၏ ဆံတော်ဓာတ်ကို ဌာပနာထည့်သွင်း တည်ထားသည့် သစေတီတစ်ဆူဖြစ်ကြောင်း ရခိုင်သမိုင်းမှတ်တမ်းများ အရ သိရသည်။

ဆက်စပ် သတင်းများ