အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

တိုက်ပွဲများရပ်တန့်သွားပြီဖြစ်သဖြင့် ရခိုင်မှတန်ခိုးကြီးဘုရားများတွင် တပ်စွဲနေမှုရုပ်သိမ်းပေးရန် ဒေသခံများလိုလား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 3.8k

ဇွဲဓန (ကိန်းသာမြေ)
နိရဥ္စရာ၊ ဇွန်နဝါရီ ၈ / ၂ဝ၂၁

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ရပ်တန့်သွားပြီဖြစ်သဖြင့် ဘုရားများတွင် တပ်မတော်သားများ တပ်စွဲနေမှုကို ပြန်ရုပ်သိမ်းပေးရန် ဒေသခံများလိုလားတောင်းဆိုနေကြောင်း သတင်းရရှိသည်။

မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ကျေးရွာအနီးတွင် သင်းကျစ်တော်ဘုရား ၌ စစ်တပ်မှ တပ်စွဲထားသဖြင့် ၄င်းပတ်ဝန်းကျင်၏ဒေသခံများသည် ဘုရားဖူး၊ အလှူလုပ်ခွင့် ဆုံးရှုံးနေရ၍ ယင်းကဲ့သို့ ဘုရားရင်ပြင်ပေါ်မှာ တပ်စွဲထားမှု မဖြစ်စေချင်ကြောင်း အမည်မဖော်လိုသူ ပေါက်တောပြင်ကျေးရွာ ဒေသခံတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

“သင်းကျစ်တော်ဘုရားမှာ စစ်တပ်က တပ်စွဲထားတာရှိတယ်။ ဒေသခံတွေက သူတို့ရှိလို့ ဘုရားဖူး မသွားရဲကြဘူး။ အဲဒီသင်းကျစ်တော်ဘုရားကို မသွားရဘူး။ တက်ခွင့်လည်း မပြုဘူး။ ကျနော်အနေနဲ့ ပြောချင်တာက အများပြည်သူနဲ့ ဆိုင်တဲ့ ဘုရားရင်ပြင်ပေါ်မှာ တပ်စွဲထားတာ မဖြစ်စေချင်ဘူး။ တစ်ခြား ဗုဒ္ဓဘာသာဝင်တွေလည်း ကျနော်လို ဘုရားရင်ပြင်မှာ တပ်စွဲထားတာမျိုး လိုချင်မှာမဟုတ်ဘူး။ သီးသန့် နေရာတစ်ခုမှာ သူတို့ကို တပ်စွဲနေထိုင်စေချင်တယ်။ အခုက ဘုရားလည်းမဖူးရ။ အလှူတွေလည်း မလုပ်ဖြစ်နေပါတယ် ̋ ဟုပြောသည်။

မြောက်ဦးမြို့နယ်မှ လင်းမြွေတောင်ဘုရားတွင်လည်း စစ်တပ်မှ တပ်စွဲထားသည်မှာ ၂ဝ၁၉ ခုနှစ်မှ ယခု လက်ရှိ အချိန်ထိ ဖြစ်သဖြင့် တပ်စွဲထားမှုကို ပြန်ရုပ်သိမ်းပေးလိုစေသည့်အကြောင်း အမည်မဖော်လိုသူ တိန်ညိုကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။

̏ အဲဒီတောင်မှာ တပ်စွဲထားတာတော့ ရှိတယ်။ ဒီလို ဘုရားတွေမှာ တပ်စွဲနေတာ မဖြစ်စေချင်ဘူး။ ဘုရားရင်ပြင်တွေကို သန့်ရှင်းရေး လုပ်ဖို့လည်း မရဘူး။ ဘုရားဖူးချင်တဲ့ လူတွေလည်း မဖူးရဘူး။ သူတို့တွေကို ပြောချင်တာက အဲဒီနေရာတွေက တပ်စွဲထားတာကို ပြန်ရုပ်သိမ်းပေးချင်တယ် ̋ ဟုပြောသည်။

ရခိုင်ပြည်နယ်၏ တန်ခိုးကြီး ဘုရားများတွင် တပ်စွဲခြင်းအပေါ်မှာ အများပြည်သူဆန္ဒနှင့်အတူ တစ်ခြား နေရာများတွင် ပြောင်းရွေ့တပ်စွဲနေထိုင်စေချင်ကြောင်း မြောက်ဦးမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

“  ULA/AA က သဘောထားထုတ်ပြန်ပြီး နောက်ပိုင်းမှာ တိုက်ပွဲတွေလျော့နည်းလာတာ တွေ့ရတယ်။ အယင်က တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့နေရာတွေမှာ ပစ်ခတ်သံတွေ ရပ်စဲသွားတာတွေ့ရတာပေါ့။ ကျနော်တို့ ရခိုင်မှာ ထင်ရှားကျော်ကြားတဲ့ တန်ခိုးကြီးဘုရားတွေ ရှိတယ်။ အဲဒီနေရာတွေမှာ တပ်က တပ်စွဲထားတာတွေကို ကြားသိရတယ်။ အများပြည်သူတွေ ဘုရားဖူးဖို့ သွားချင်ပေမယ့် တပ်စွဲ ထားတာကြောင့် မသွားရဲ မသွားဝံ့တာရှိတယ်။ ဘုရားရင်ပြင်တွေမှာ တပ်စွဲထားတဲ့ တပ်တွေအနေနဲ့ အများပြည်သူ ဘုရားဖူး မျှော်နိုင်ဖို့အတွက် အဲဒီနေရာတွေက ရွေ့ပြောင်းစေချင်တယ်။ အများပြည်သူတွေကလည်း တစ်ခြားနေရာမှာ တပ်စွဲပြီးနေစေချင်တယ်ဆန္ဒကိုတွေ့ရတယ်။ ကျနော်လည်း ပြည်သူဆန္ဒနဲ့အတူ တစ်ခြားနေရာမှာ တပ်စွဲပြီး နေစေချင်တယ် ̋ ဟုပြောသည်။

ဘုရားများတွင် တပ်စွဲနေထိုင်ခြင်းသည် နိုင်ငံတကာ စစ်စည်းကမ်းနှင့် တပ်မတော်၏ စစ်စည်းကမ်းနှင့် မကိုက်ညီသည့်အပြင် ဘုရားရင်ပြင်မှ တပ်စွဲထားမှုကို ပြန်ရုပ်သိမ်းပေးလိုကြောင်း ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

̏ စစ်တပ်က တပ်စွဲထားတာ သုံးဆယ့်တစ်ဘုံ ဘုရားမှာ အရင်တော့ ရှိခဲ့တယ်ထင်တယ်။ အခုတော့ တပ်စွဲထားလား၊ မထားလား ကျနော်မသိဘူး။  အဲဒီနေရာကို တစ်ယောက်လည်း ဖြတ်သန်းသွားလာခွင့် မရဘူး။ တကယ်လို့များ တပ်စွဲလို့ရှိခဲ့ရင် နိုင်ငံတကာ စစ်စည်းကမ်းနဲ့ မကိုက်ညီဘူးပေါ့။ မြန်မာနိုင်ငံမှာလည်း အဲဒီစည်းကမ်းချက်တွေ ရှိတာပေါ့။ ဘုရားမှာ တပ်စွဲနေထိုင်တာကို မပြုလုပ်ချင်ဘူး။ ရှိခဲ့ရင်လည်း ပြန်ရုပ်သိမ်းပေးဖို့ ပြောချင်ပါတယ် ̋ ဟုပြောသည်။

ဘူးသီးတောင်မြို့နယ် စံဂိုးတောင်ကျေးရွာအုပ်စုတွင် တည်ရှိသော သုံးဆယ်တစ်ဘုံ ဘုရား၌ ၂ဝ၁၉ ခုနှစ် ဇွန်နဝါရီလ ကတည်းကပင် ယခုအချိန်ထိ စစ်တပ်မှ တပ်စွဲ နေထိုင်လျက်ရှိကြောင်းနှင့် ၄င်းဘုရားတွင် တပ်စွဲနေထိုင်ခြင်းကို ရုပ်သိမ်းပေးစေချင်သည့်အကြောင်း  ဘူးသီးတောင်မြို့ မျိုးဆက်သစ်လူငယ်များအဖွဲ့ တာဝန်ခံ ဦးမောင်ဝင်းနိုင်က ပြောသည်။

̏ အခု တပ်က တပ်စွဲနေထိုင်တာ သုံးဆယ်တစ်ဘုံ ဘုရားမှာပဲ ရှိတယ်။ ကျန်တဲ့နေရာမှာတော့ မရှိတော့ဘူး။ တပ်စွဲထားတာက ၂ဝ၁၉ ခုနှစ် ဇွန်နဝါရီလ လောက်ကတည်းက အခုအချိန်ထိ ရှိနေသေးတယ်။ ဘုရားရင်ပြင်မှာ တပ်စွဲထားတာက မကောင်းဘူးပေါ့။ ဘုရားဖူး အခွင့်အရေးလည်း ဆုံးရှုံးတာပေါ့။ အဲဒီဘုရား ပတ်ဝန်းကျင် ကျေးရွာတွေက စစ်ဘေးရှောင်တွေလည်း နေရပ်ကို မပြန်ရဲဘူးပေါ့။ ဘုရားရင်ပြင်ပေါ်မှာ တပ်စွဲထားတာကို ရုပ်သိမ်းစေချင်တာပေါ့ ̋ ဟုပြောသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်ကလည်း ဘုရားရင်ပြင်များတွင် တပ်စွဲထားခြင်းကို တပ်မတော်အနေဖြင့် ရုပ်သိမ်းပေးစေချင်သည်ဟု ပြောကြားသည်။

မင်းပြားမြို့ ကျိန်းတောင်ဘုရား၌  ၂ဝ၁၉ ခုနှစ်ကတည်းကပင် ယခုအချိန်ထိ တပ်စွဲ၍ ရှိသေးကြောင်း၊ တပ်စွဲထားသောကြောင့် ဘုရားဖူးခွင့်မရသဖြင့် ဘုရားများတွင် တပ်စွဲနေထိုင်ခြင်းကို ရုပ်သိမ်း ပေးစေချင်သည့်အကြောင်း မင်းပြားမြို့ခံ ဒေသခံတစ်ဦး ကပြောသည်။

" အခု ကျနော်တို့ ရခိုင်ပြည်ရဲ့ ဘုရားရင်ပြင်တွေမှာ  စစ်တပ်က တပ်စွဲထားတာ အများကြီးပေါ့။ ကျနော်တို့ မင်းပြား ကျိန်းတောင်ဘုရားကို သူတို့က တက်ခွင့်မပြု။ ဘုရားဖူးချင်တဲ့လူတွေလည်း ဖူးခွင့်မရဘူး။ အခုလို ဘုရားရင်ပြင်တွေမှာ တပ်စွဲထားတာမျိုးကို မရှိစေချင်ဘူး။ တစ်ခြားနေရာတစ်ခုကို ပြောင်းပေးပါလို့ ကျနော် တောင်းဆိုစေချင်တယ် ̋  ဟုပြောသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်၊ အစိုးရအဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ သဘောထားကို ရယူရန် နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်မေးရန် ကြိုးစားခဲ့ရာ ဖုန်းကိုင်သော်လည်း တစ်စုံတရာ တုန့်ပြန်ပြောဆိုမှုမရှိဘဲ ဖုန်းချသွားခဲ့သဖြင့် အစိုးရတာဝန်ရှိသူများ၏ သဘောထားကို တင်ပြနိုင်ခြင်းမရှိပါ။  

တပ်မတော်မှ တပ်စွဲထားသော ဘုရားများမှာ ကျောက်တော်မြို့တွင် ကျောက်တော်တောင်ဘုရား၊ မြောက်ဦးမြို့နယ်တွင် သင်းကျစ်တော်ဘုရားနှင့် လင်းမြွေတောင်ဘုရား၊ မင်းပြားမြို့နယ်တွင် ကျိန်းတောင် ဘုရားနှင့်၊ ဘူးသီးတောင်မြို့နယ်တွင် သုံးဆယ့်တစ်ဘုံဘုရားတို့ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဘုရားများသည် ရခိုင်ပြည်နယ်တွင် ရှေးဟောင်းသမိုင်းဝင်ဘုရားများဖြစ်ကြပြီး တိုက်ပွဲ မဖြစ်ခင်ကဆိုလျှင် ယခုလိုမျိုး ပွင့်လင်းရာသီသို့ ရောက်လာပြီးဆိုလျှင် ဘုရားဖူး ဧည်သည့်များဖြင့် စည်းကားနေသော သမိုင်းဝင် ဘုရားများဖြစ်ကြသည်။


 (ဓာတ်ပုံ- သုံးဆယ့်တစ်ဘုံဘုရား၊ ဘူးသီးတောင်မြို့နယ်)

ဆက်စပ် သတင်းများ