သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်ရဟန်းတော်တစ်ပါး အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ကိုရ၍ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအပါအဝင် အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘာသာအဖွဲ့အစည်းများနှင့် နိုင်ငံတကာတို့က ထပ်မံ ဂုဏ်ပြုချီးမြှင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 3.2k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၈/ ၂ဝ၂၁

အိန္ဒိယနိုင်ငံတွင် သီတင်းသုံးနေသည့် ရခိုင်ရဟန်းတော်တစ်ပါးဖြစ်သော ဘဒ္ဒန္တဉာဏိဿရသည် မြန်မာအစိုးရကချီးမြှင့်သည့် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ကိုရရှိသည့်အတွက် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအပါအဝင် အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘာသာအဖွဲ့အစည်းနှင့် နိုင်ငံတကာတို့က ထပ်မံဂုဏ်ပြုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ထပ်မံဂုဏ်ပြုချီးမြှင့်ခံရသည့် ရဟန်းတော်မှာ အိန္ဒိယနိုင်ငံ၊ ကုသိနာရုံခရိုင်၊ ကာဆီယာမြို့နယ်၊ ကုသိနာရုံမြန်မာကျောင်းတိုက်တွင် သီတင်းသုံးနေသည့် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရဖြစ်သည်။

ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရအား ယမန်နေ့ ဇန်နဝါရီ ၂၇ ရက်နေ့တွင် အန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ မြန်မာသံရုံး၌ ထပ်မံဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြခြင်းဖြစ်သည်ဟု စစ်တွေမြို့မှ သာသနာရေးကိစ္စများ ကူညီဆောင်ရွက်နေသူ ကိုတင်ငြိမ်းဦးက နိရဥ္စရာကို ပြောသည်။

“ရခိုင်က ဆရာတော်သုံးပါး အဲဒီဘွဲ့ရတာပါ။ ဒီဆရာတော်ကတော့ အိန္ဒိယနို်င်ငံမှာသီတင်းသုံးတာပါ။ ဆရာတော်က ဘွဲ့တွေအများကြီးရထားတာလေ။ အခုလည်း ထပ်ပြီး ဒီအဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ထပ်ရတာပါ။ ဒါကြောင့် ဆရာတော်ကို အိန္ဒိယနို်င်ငံက အထင်ကရ ပုဂ္ဂိုလ်တွေနဲ့ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေကလည်း ဂုဏ်ပြုခဲ့ကြတာပါ။”ဟု သူက ဆိုသည်။

၄င်းဂုဏ်ပြုအထိမ်းအမှတ်ပွဲကို အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်အပါအဝင် International Buddha Education Institute မှ ဥက္ကဋ္ဌဆရာတော် Ven.Loknayak Ashva Ghosh၊ Subharti Buddhist Education Institute of India မှ အကြီးတန်းအမှုဆောင် ညွှန်ကြားရေးမှူး Dr.H.P. Kain၊ ဗုဒ္ဓဘာသာလုံးဆိုင်ရာ အဖွဲ့အစည်းမှ ဥက္ကဋ္ဌ Mr.Ramesh Banker Boudh နှင့် အတွင်းရေးမှူး Mr.Abhayaratan Boudh တို့လည်း တက်ရောက်ချီးကျူး ဂုဏ်ပြုစကားများ ပြောခဲ့ကြောင်း သိရသည်။

မြန်မာအစိုးရက ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့တွင် တိုင်းနှင့်ပြည်နယ်အသီးသီးမှ သံဃာတော် ၁၇ ပါးကို အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်အား ဆက်ကပ်လှူဒါန်းအပ်နှင်းခဲ့ရာ ရခိုင်ဆရာတော်ကြီးများဖြစ်ကြသော စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက်ရှိ မဏိရတနာစာသင်တိုက် ဆရာတော်ကြီး ဘဒ္ဒန္တသောမ၊ မြောက်ဦးမြို့ အောင်တပ်ရပ်ကွက်ရှိ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တပညာသာမိနှင့် အိန္ဒိယနိုင်ငံ ကုသိနာရုံခရိုင်၊ ကာဆီယာမြို့နယ်၊ ကုသိနာရုံမြန်မာကျောင်းတိုက်တွင် သီတင်းသုံးနေသည့် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရတို့ (၃)ပါးတို့လည်း ပါဝင်ခဲ့သည်။
အဆိုပါဆရာတော်ကြီး (၃)ပါးအနက် အိန္ဒိယနိုင်ငံတွင် သီတင်းသုံးတော်မူနေသည့် ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရကို အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့က ယခုကဲ့သို့ ထပ်မံဂုဏ်ပြုချီးမြှင့်ပေးခဲ့ခြင်းလည်းဖြစ်သည်။

ဂုဏ်ပြုချီးမြှင့်ခံရသည့်ဆရာတော်ကြီးကလည်း မြန်မာအစိုးရ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးရန်ပုံငွေသို့ အမေရိကန်ဒေါ်လာ ၃ဝဝဝ နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့၊ တရားသီးစုရပ်ကွက်ရှိ ဦးစန္ဒိမာကျောင်းဆရာတော်စျာပနသို့ ကြွရောက်မည့် သံဃာတော်များအတွက် ငွေကျပ်သိန်း(၄ဝ)တို့ကို ယင်းအခမ်းအနားတွင် လှူဒါန်းခဲ့သည်။

ဆရာတော်ဘဒ္ဒန္တဉာဏိဿရသည် မင်းပြားမြို့နယ် ဇီးပင်ကြီးကျေးရွာမှ ခမည်းတော် ဦးမောင်ကျော်သူနှင့် မယ်တော်ဒေါ်ဝင်းမြဦးတို့က ၁၂၉၈ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁၃ ရက်နေ့၊ ခရစ်သက္ကရာဇ် ၁၉၃၆ ခုနှစ်၊ နိုဝင်ဘာလ ၁ဝ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။

ယင်းနောက် သက်တော် ၁၄ နှစ်တွင် ဇီးပင်ကြီးကျေးရွာ ဓမ္မရက္ခိတကျောင်းတိုက်၌ ဥပဇ္စျယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့သည်။
ဆရာတော်ကြီးသည် ဘာသာရေးနှင့်ဆိုင်သည့် ကျမ်း(၅) ကျမ်းပြုစုခဲ့ကာ ကိုရီးယားနိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေရှ့်နို်င်ငံတို့မှ ဘွဲ့ပေါင်း (၂ဝ)ကျော်ရရှိခဲ့ကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ