စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ်တွင် မိုင်းနင်းမိပြီး လူတစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 9.1k

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၁၈/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင်မူဆလင်ကျေးရွာတွင် ယနေ့ နံနက်ပိုင်းက ရွာသားတစ်ဦး မိုင်းနင်းမိပြီး ပေါက်ကွဲမှုဖြစ်ကာ ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူမှာ ဆင်သေပြင်ကျေးရွာမှ ဦးအီနူစ်(၅၁) နှစ်ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၈ နာရီခွဲခန့်က ရွာမြောက်ဘက်သို့ နွားဖြင့်သွားစဉ် လယ်ကွင်းပြင်တွင် မိုင်းနင်းမိပြီး ပေါက်ကွဲရာမှ သေဆုံးသွားခြင်း ဖြစ်ကြောင်း ဆင်သေပြင်ကျေးရွာမှ ကျေးရွာသား တစ်ဦးက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

“လယ်ကွင်ထဲမှာ နွားနဲ့သွားတဲ့အချိန် မိုင်းပေါက်တာပါ။ မိုင်းနင်းမိလို့ ဘယ်ဘက်ခြေထောက်မှာ ဒဏ်ရာ နှစ်ခုရသွားတယ်။ ခြေထောက်မှာ ဒဏ်ရာရလို့ သွေးထွက်များပြီး သေသွားတာပါ” ဟု ၎င်းက ပြောသည်။

လူသွားလမ်းတွင် နင်းမိပြီးပေါက်ကွဲခဲ့ခြင်းမဟုတ်ဘဲ လယ်ကွင်ပြင်၌ နွားများသွားသည့် လမ်းတွင် နင်းမိပြီး ထိုသို့ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဖုံညိုလိပ်ကျေးရွာတာဝန်ခံ ဦးရောဖိတ်က ပြောသည်။

“ဒဏ်ရာဘယ်နေရာမှာ ရသွားတယ်ဆိုတာကို ကိုယ်တိုင် မမြင်လိုက်တော့ မသိဘူး။ ဆင်သေပြင်က နေပြီး ဖုံညိုလိပ် ကျန်းမာရေးဌာနကို ယူလာတယ်။ ယူလာတော့ ဖုံညိုလိပ် ဆေးရုံကို ရောက်တာနဲ့ သေသွားတယ်လို့ ပြောပါတယ်” ဟု ၎င်းက ပြောသည်။

ဘူးသီးတောင်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက “ဘူးသီးတောင်ဆေးရုံက လူနာတင်ကား လူနာယူဖို့သွားတဲ့အချိန်မှာ ဒုံးသိမ်အရောက်မှာ ဟိုဖက်က သေသွားပြီလို့ အကြောင်းပြန်တယ် လို့ပြောပါတယ်။ အဲဒီမှာ တိုက်ပွဲဖြစ်လား မဖြစ်လားဆိုတာကိုတော့ မသိဘူး။ လက်နက်ကြီးကျည်ကျလို့ သေသွားတယ်။ အဲဒီလောက်ပဲသိရတယ်” ဟု နိရဥ္စရာသို့  ပြောသည်။

----------------------------

Unicode:












ဆက်စပ် သတင်းများ