ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့ လေယာဉ်ပြေးလမ်းဘေး ပေါက်ကွဲမှုဖြစ်၍ လူငယ်တစ်ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 8.7k

ချစ်အိလှိုင်
နိရဥ္စရာ ၊ မတ် ၂၁/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ တိုးချဲ့ ရပ်ကွက်(၅)နှင့် လေယာဉ်ပြေးလမ်းဘေးကြားတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့၍ လူငယ်တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သည့် လူငယ်မှာ မောင်ဇော်နိုင်( ၁၅)နှစ် တိုးချဲ့ရပ်ကွက်(၁)လမ်းနေသူဖြစ်ပြီး လေယာဉ်ကွင်းထဲတွင် ၄င်းအပါအဝင် သူငယ်ချင်း(၃)ဦးတို့ ဘောလုံးကန်နေရာမှ ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ဆေးရုံဝန်ထမ်းတစ်ဦး ကပြောသည်။

“သူငယ်ချင်းသုံးယောက်ဘောလုံးကန်နေရာမှာ ထပေါက်တာလို့သိရတယ်။ လေယာဉ်ကွင်းထဲ ဝင်ပြီး ဘောလုံးကန်ကြတာ။ ဒဏ်ရာက ဘယ်ဘက်နဖူး၊ ပေါင်ရင်းနဲ့ ခန္ဓာကိုယ် တစ်ခုလုံးမှာ ကျည်စတွေထိထားတယ်။ သိပ်တော့ မစိုးရိမ်ရတော့ဘူး” ဟု၄င်း ဆေးရုံဝန်ထမ်းကပြောသည်။

ကျောက်ဖြူမြို့မှ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ပေါက်ကွဲသံတော့ ကြားလိုက်တယ်။ လေယာဉ်ပြေးလမ်း မှာလို့ကြားတယ်။ လေယာဉ်ကွင်းနဲ့ စစ်တပ်နဲ့က နီးနီးလေး။ ဒဏ်ရာရတဲ့ ကောင်လေးကိုတော့ ဆိုင်ကယ်နဲ့ ဆေးရုံကိုယူသွားတယ်။ အဲဒီနားမှာ အပေါ့ သွားမယ် လုပ်တော့ ထပေါက်တာလို့သိရတယ်” ဟု ပြောသည်။

ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဖိုးစံက “ တိတိကျကျ မမေးရသေးဘူး။ ဆေးရုံတော့ ရောက်လာပြီ။ အရေးပေါ်ကုသမှုလုပ်နေရတယ်။ မေးဖို့အဆင်မပြေသေးဘူး။ ကျွန်တော်လည်းဆေးရုံကို အခုပဲရောက်တာမို့ပါ။ ကျွန်တော်တို့အိမ်လာလည်တဲ့ အဲဒီနားက တစ်ယောက်တော့ ပေါက်သံကို  ကြားလိုက်တယ်လို့ပြောတယ်။ မိုင်းပေါက်တာတော့ ဟုတ်တယ် အတည်ပြု ပေးလို့ရတယ် ” ဟု ဦးဖိုးစံကပြောသည်။

ကျောက်ဖြူမြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ်မျိုးမင်းလတ်က ဖြစ်စဉ်အား ကြားသိရကြောင်း ၄င်းမှာ နယ်ကိုရောက်နေသဖြင့် အခင်းဖြစ်ပွားသည့်နေရာသို့ စခန်းမှ တာဝန်ရှိသူများ သွားရောက် နေကြောင်း၊ အသေးစိတ်မသိရှိရသေးကြောင်းပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျောက်ဖြူမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်နုအား နိရဥ္စရာ သတင်းဌာနမှ မေးမြန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူးကိုသာမေးရန်ပြော၍ ဖုန်းချသွားခဲ့သည်။

ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်အား နိရဥ္စရာမှ ဖုန်းဖြင့်ဆက်သွယ်ရာ တစ်စုံတစ်ရာ ဖြေဆိုခြင်းမရှိဘဲ ဖုန်းချသွားခဲ့သဖြင့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါသည်။

-----------------------------------

Unicode:



နိရဉ်စရာ ၊ မတျ ၂၁/ ၂ဝ၂ဝ









ဆက်စပ် သတင်းများ