ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မင်းပြား တိုင်းဗဟို (၉)၏ကန့်သတ်နယ်မြေအတွင်း ဒေသခံတစ်ဦး မိုင်းနင်းမိ၍ ပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 1.6k

ဆောင်းဇာခြည်

နိရဥ္စရာ၊ သြဂုတ် ၂၃/ ၂ဝ၂ဝ

မင်းပြားမြို့နယ်ရှိ အမှတ် (၉) တိုင်းဗဟို စစ်သင်တန်းလေ့ကျင့်ရေးကျောင်း၏ ကန့်သတ်နယ်မြေအတွင်း၌ သက်ကြီး ဒေသခံတစ်ဦး ယနေ့ နေ့လယ် ၂ နာရီခန့်က ကျွဲရှာရန်သွားစဉ် မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

အဆိုပါ သေဆုံးသူမှာ မင်းပြားမြို့နယ်၊ အိုးပုံတောင်ကျေးရွာမှ အသက် (၇ဝ) အရွယ် ဦးရန်လုံးအောင် ဖြစ်ကြောင်း အိုးပုံတောင်ကျေးရွာမှ ဦးမောင်သိန်းရီက ပြောသည်။

“ကျွဲတစ်ကောင်ပျောက်သွားတယ်။ အဲဒီကျွဲကို ရှာမရတော့ အဲဒီ တိုင်းဗဟို (၉) ဘက်ကို သွားပြီးရှာတာ။ အခု သေတဲ့သူနဲ့ အဖော် နောက်နှစ်ယောက်ပါသေးတယ်။ သူတို့ ၃ ယောက်က အမျိုးတွေပေါ့။ အဲဒီ ကန့်သတ် နယ်မြေကို ဘာကြောင့်ပဲဖြစ်ဖြစ် မသွားရဘူးဆိုပြီး ရွာလူကြီးတွေလည်း အသိပေးထားတာတွေ ရှိပါတယ်။ အခု သူတို့ သွားရှာတဲ့ နယ်မြေက အဲဒီကန့်သတ်ထားတဲ့ နယ်မြေထဲ ရောက်သွားတာပေါ့နော်။ အဲဒီမှာ ပေါက်တာ” ဟု ဦးမောင်သိန်းရီက နိရဥ္စရာသို့ ပြောသည်။

အဆိုပါ တိုင်းဗဟို (၉)မှာ ယင်းအိုးပုံတောင်ကျေးရွာ၏ တောင်ဘက် ၂ မိုင်ခွဲခန့်အကွာ၌ တည်ရှိကြောင်း၊ ယခု မိုင်းနင်းမိသည့် နေရာမှာ ကျေးရွာနှင့် ၂ မိုင်နီးပါးခန့် အကွာအဝေးတွင် ဖြစ်ပြီး တိုင်းဗဟို (၉) သို့ မရောက်သေးသော်လည်း အသွားအလာကန့်သတ်ထားသော နယ်မြေဖြစ်နေကြောင်း ဦးမောင်သိန်းရီက ဆက်ပြောသည်။

သေဆုံးသူ ဦးရန်လုံးအောင်၏ သားဖြစ်သူက “ကျွန်တော်တို့လည်း သတင်းကြားကြားချင်း အခုသွားနေကြတာ။ ဘာဖြစ်မှန်းတော့ အတိကျမသိရသေးဘူး။ ကျွန်တော်က စိတ္တရရွာမှာ အိမ်ထောင်ကျနေတာဆိုတော့ အခု ရွာကိုရောက်မှ အဖေဘယ်လိုဖြစ်တယ်ဆိုတာကို အတိကျသိရမှာပါ။ လောလောဆယ်က မိုင်းနင်းမိပြီး သေတယ်လို့ပဲ ကြားပါတယ်။” ဟု နိရဥ္စရာသို့ ပြောသည်။၏

ဦးရန်လုံးအောင်မှာ ခြေထောက်ကျိုးပဲ့ ဒဏ်ရာတို့ဖြင့် ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်ကြောင်း၊ သေဆုံးသူနှင့် အတူ ပါသည့် အခြားနှစ်ဦးတို့မှာ ဒဏ်ရာတစ်စုံတစ်ရာ မရရှိကြောင်း ဦးမောင်သိန်းရီက ဆက်ပြောသည်။

သေဆုံးသူ၏ အလောင်းအား မိသားစုဝင်များနှင့် ရပ်လူကြီးများက လာယူရန် တိုင်းဗဟို (၉) မှ တာဝန်ရှိ သူများက ပြောဆိုထားသော်လည်း ယနေ့ ညနေ ၅ နာရီက နိရဥ္စရာမှ ဆက်သွယ်ချိန်အထိ အလောင်းအား ယင်းမိုင်းနင်းမိပြီး သေဆုံးခဲ့သည့် နေရာမှ မယူဆောင်ရသေးကြောင်း မိသားစုဝင်များက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်နှင့် ဦးလှအောင်ညွှန့်အောင်တို့အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။


ဆက်စပ် သတင်းများ