ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

အမ်ဖန် ဆိုင်ကလုန်မုန်းတိုင်းကြောင့် ရွှေပြည်တန် အမြန်ရေယာဉ်ခရီးစဉ်အချို့ ရပ်နား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 1k

ဆောင်းဇာခြည်

နိရဥ္စရာ၊ မေ ၁၈/ ၂ဝ၂ဝ

ဘင်္ဂလာပင်အော်တွင် ဖြစ်နေသော အမ်ဖန် အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းမှ ရွှေပြည်တန် အမြန်ရေယာဉ်၏ ခရီးစဉ်အချို့အား ရက်အကန့်သတ်ဖြင့် ရပ်နားထားကြောင်း သတင်းရရှိသည်။

ရပ်နားထားသည့် အမြန်ရေယာဉ်လိုင်းများမှာ စစ်တွေ-ကျောက်ဖြူ-ရမ်းဗြဲ-ကျောက်နီမော်-တောင်ကုတ်-မာန်အောင်တို့ဖြစ်ပြီး မေလ ၁၈ ရက်နေ့မှ ၂၁ ရက်အထိ အသွားအပြန် ၄ ရက် ရပ်နားထားခြင်းဖြစ်ကြောင်း အဆိုပါရေယာဉ်လိုင်းမှ မန်နေဂျာ ဦးစံမော်သိန်းက ပြောသည်။

ဦးစံမော်သိန်းက “လောလောဆယ်က တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး အဲဒီ ၄ ရက်ပိတ်တာပါ။ အခု ရပ်နားထားတဲ့ အဲဒီ ကျောက်ဖြူတို့ ရမ်းဗြဲတို့ဘက် လိုင်းတွေက ခရီးနည်းနည်းဝေးတယ်။ နောက်ပြီး ပင်လယ်ဝတွေကို ဖြတ်ပြီး သွားရတယ်။ အန္တရာယ်ဖြစ်မှာကို ကြောက်ပြီး ရပ်နား ထားတာပါ။ တစ်ခုခုဖြစ်သွားမှာကိုလည်း ကြောက်ရတယ်ပေါ့” ဟု နိရဥ္စရာသို့ ပြောသည်။

ပင်လယ်ပြင်ကို ဖြတ်သန်းမောင်းနှင်ရသည့် လမ်းကြောင်းများကို ယာယီရပ်နားထားသော်လည်း မြစ်ကြောင်း ခရီးစဉ်များကို ရပ်နားမည်မဟုတ်ဟု သိရသည်။

မြစ်ကြောင်းခရီးစဉ်များဖြစ်သည့် စစ်တွေ- မြောက်ဦး-ပေါက်တော၊ မင်းပြား- ဘူးသီးတောင်-ရသေ့တောင်တို့အား မရပ်နားသေးကြောင်း မန်နေဂျာ ဦးစံမော်သိန်းက ဆက်လက် ပြောဆိုသည်။

ဘင်္ဂလာပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန် မုန်တိုင်းသည် တစ်ဖြည်းဖြည်း အင်အား ပြင်းထန်လာပြီး မေလ ၂ဝ ရက် နေ့လယ်ပိုင်း (သို့မဟုတ်) ညနေပိုင်းတွင် ဘင်္ဂလာဒေ့ရှ်နှင့် အိန္ဒိယ အကြား ဝင်ရောက်တိုက်ခတ်နိုင်ကြောင်း အိန္ဒိယ နို်င်ငံ မိုးဇလက ခန့်မှန်ထားသည်။ 

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နံနက် ၉ နာရီခွဲ အချိန်တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ် ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအမ်ဖန် (AMPHAN)သည် အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့ (Paradip) (ဩရိဿ-Odisha)၏ တောင်ဘက် ရေမိုင်(၄၂၅)မိုင်ခန့်၊ ဒီဂါမြို့(Digha)၏ တောင်-အနောက် တောင်ဘက် ရေမိုင် (၅၁ဝ)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ်ပူပါရာမြို့ (Khepupara) ၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၅၇ဝ)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၄၂ဝ)မိုင်ခန့်နှင့် ပုသိမ်မြို့ (Pathein)၏ အနောက်တောင်ဘက် ရေမိုင် (၅၃ဝ)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ဖော်ပြထားသည်။ 

အဆိုပါဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း မြန်မာမိုးဇလ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  


ဆက်စပ် သတင်းများ