ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် ရခိုင်ကမ်းရိုးတန်းမှ အနောက်-အနောက်တောင်ဘက် မိုင် ၃ဝဝ ခန့်အကွာကို ဗဟိုပြုနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 1.7k

နိရဥ္စရာ၊ မေ ၂ဝ/၂ဝ၂ဝ

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း အမ်ဖန်(AMPHAN)သည် ရခိုင်ပြည်နယ်၊ မောင်တောမြို့၏ အနောက်- အနောက် တောင်ဘက် ရေမိုင် (၃၁ဝ)မိုင်ခန့်နှင့် စစ်တွေမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၃၃ဝ) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏  ယနေ့ မေလ ၂ဝ ရက် နံနက် မြန်မာစံတော်ချိန်(ဝ၈:၃ဝ)နာရီအချိန်ထုတ်ပြန်ချက်အရ သိရသည်။ 

၎င်းမုန်တိုင်းသည် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) အဖြစ်သို့ ရောက်ရှိသွားပြီ ဖြစ်သော်လည်း လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်(AMPHAN)သည် မြန်မာစံတော်ချိန် (ဝ၇:၃ဝ)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၉.ဝ) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၇.၂) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၅၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၁၁၅)မိုင်နှုန်း ဖြစ်ပါသည်။ မုန်တိုင်း၏ လက်ရှိရွေ့လျားနှုန်း မှာ တစ်နာရီလျှင် (၁၅)မိုင်နှုန်း ဖြစ်ကြောင်း ဖော်ပြသည်။

နောက်(၁၈)နာရီအတွင်းခန့်မှန်းချက်အဆိုပါ အမ်ဖန်ဆိုင်ကလုန်းမုန်တိုင်းသည် မြောက်- အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ နောက်(၁၈) နာရီအတွင်း၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများကို ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အမ်ဖန် (AMPHAN) ၏ အရှိန်ကြောင့် မေလ ၂ဝ မှ ၂၁ ရက်နေ့အတွင်း စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တစ်နာရီလျှင် (၂၅)မိုင်မှ မိုင်(၃ဝ)အထိ တိုက်ခတ်နိုင်ကြောင်း သတိပေးထားသည်။ 


ဆက်စပ် သတင်းများ