သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့နယ်တွင် ၄နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 1.4k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇူလိုင် ၁၁/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချိန်ကျေးရွာအုပ်စုမှ အသက် (၄) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အတင်းအဓမ္မပြုကျင့်ခံခဲ့သည်။

အဆိုပါ အသက် ၄ နှစ်အရွယ် မိန်းခလေးငယ်သည် း ဇူလိုင်လ ၉ ရက်နေ့ နံနက် ၁ဝ နာရီခန့်တွင် နေအိမ်၌ လူမရှိခိုက် တစ်ရွာတည်းနေ အိမ်နီးနားချင်း ဖြစ်သူ ဦးညီညီ (၃၅ နှစ်)က အိမ်ပေါ်တက်၍ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ဂုံးချိန်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးကျော်ထွေးက အတည်ပြုပြောသည်။

ဦးကျော်ထွေးက “ကလေးမလေးရဲ့ မိဘတွေကတော့ အိမ်မှာမရှိကြဘူး ။ အဲအချိန်မှာ အိမ်ပေါ်တက်ပြီး အဓမ္မပြုကျင့်ခံလိုက်ရတာပါ။ အဲလူက ဖြစ်စဉ်မဖြစ်ခင် ညကတော့ အရက်သောက်ထားတယ်တော့ ပြောတယ်။ အဲနေ့မနက်ကတော့ သောက်ထားလားတော့ ကျွန်တော်လည်း မပြောတတ်ဘူး ”ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မိန်းကလေးငယ်၏ မိဘများက ကျောက်ဖြူမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားကြောင်း သိရသည်။

“အိမ်မှာ လူကြီးတွေမရှိတုန်းဖြစ်သွားတာပေါ့။ အပြင်ကို ထွက်သွား ကြတယ်။ အပြင်ကပြန်ရောက်ကြတော့ ကလေးနဲ့သူနဲ့ကို တွေ့တယ်။ တွေ့တော့ ကလေးနဲ့ဆော့နေတယ်လို့ သူကဖြေတယ်။ သူပြန်သွားတဲ့ အခါကျတော့ ကလေးက ငိုတယ်။ အဲခါကျမှ လူကြီးတွေက သိသွားကြတာပါ” ဟု ကျောက်ဖြူမြို့မရဲစခန်းမှ ဒုရဲမှူးကျော်ဇောက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူ ဦးညီညီအား ဖမ်းဆီးထားပြီး  ကျောက်ဖြူမြို့မရဲစခန်းတွင် (ပ)၄ဝ၉/၁၉၊ ရာဇသတ်ကြီးပုဒ်မ(၃၇၆)ဖြင့် အမှုဖွင့် ဆောင်ရွက်နေကြောင်း  သိရသည်။

ကျောက်ဖြူမြို့နယ်မှ ကျေးရွာတစ်ခုတွင်လည်း  အသက်(၂ဝ)အရွယ် အမျိုးသမီးတစ်ဦး အဓ္ဓမပြုကျင့်ခံရပြီး ဇူလိုင် ၆ ရက်နေ့က ကျောက်ဖြူမြို့နယ် ကပိုင်ချောင်း ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းထားကြောင်း သိရသည်။

ဆက်စပ် သတင်းများ