ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ဂွမြို့နယ်တွင် အသက် ၆ နှစ်အရွယ် မိန်းခလေးတစ်ဦး အဓ္ဓမပြုကျင့်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 4.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၅/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အသက် (၆) နှစ်အရွယ် ပထမတန်း ကျောင်းသူတစ်ဦး အဓ္ဓမပြုကျင့်ခံရကြောင်း သတင်းရရှိသည်။

ပြုကျင့်ခံရသည့်ကျောင်းသူမှာ ကျိန္တလီမြို့၊ ရှောက်ကုန်းအုပ်စု၊ ချောင်းဝကျေးရွာမှ ဒေါ်တင်မိုးခိုင်၏ သမီး ပထမတန်းကျောင်းသူ (၆) နှစ်အရွယ်ရှိ မိန်းခလေးဖြစ်ပြီး  ပြစ်မှု ကျူးလွန်ခဲ့သူမှာ ၄င်း၏ ပထွေးဖြစ်သူ ဦးရဲနောင် (၂၇)နှစ် ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၂ ရက်နေ့က မိခင်ဖြစ်သူ၏နောက်ယောကျ်ား ဦးရဲနောင်မှာ ညနေပိုင်း အရက် ဝယ်ရန် သွားစဉ် ကလေးမလေးအားခေါ်သွားကြောင်း၊ ညမှောင်လာပြီး အိမ်ပြန် မရောက်လာသည့် အတွက် အမေဖြစ်သူက စိတ်ပူပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသားများအား အကူအညီ တောင်းခံခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦး သိန်းထိုက်က နိရဥ္စရာ သတင်းဌာနသို့ပြောသည်။

ရှောက်ကုန်းအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်က “သူ့အမေရဲ့ နောက်ယောက်ကျားပေါ့နော်။ အဲဒီနေ့က ညနေလောက်မှာ ကောင်မလေးကိုခေါ်ပြီး သူ့ပထွေးက အရက်သွားဝယ်မယ်ဆိုပြီး ခေါ်သွားတယ်။ သူ့အမေက ကလေးကိုခေါ်မသွားဖို့ တားပေမယ့် မရလိုက်ဘူးပေါ့နော်။ ခေါ်သွားခဲ့တယ်” ဟု ပြောကြားသည်။

၎င်းနောက် အချိန်မှာလင့်လာပြီး မှောင်လာသဖြင့် မိခင်ဖြစ်သူမှ ကျေးရွာ အုပ်ချုပ်ရေးမှူးကို အကူအညီတောင်းသဖြင့် ၎င်းကလေးမလေးအား လိုက်ရှာခဲ့ကြသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

“ ညကလည်း မှောင်လာပြီဆိုတော့ ကလေးအမေက ကျွန်တော်ရယ်၊ ဆယ်အိမ်မှူးရယ်၊ ကျေးရွာက လူတချို့ရယ်ကို အကူညီတောင်းပြီးတော့ လိုက်ရှာကြပါတယ်။ ရှာတော့ မတွေ့ဘူး။ အဲဒီတော့ ကျွန်တော်တို့ အိမ်ကိုပြန်လာခဲ့ကြပါတယ်။ ကလေးမလေးရဲ့ အမေကို ကျွန်တော်က ရှာတွေ့တဲ့အချိန် ဖုန်းဆက်ခေါ်လို့ ပြောလိုက်ပါတယ်။ ၈ နာရီခွဲလောက်ကျတော့ ရှာတွေ့တယ်ဆိုပြီး ကျွန်တော့်ဆီကို ကလေးမရဲ့အမေဆီက ဖုန်းဝင်လာပါတယ်”ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

ရှောက်ကုန်းအုပ်စုမှ အုပ်ချုပ်ရေးမှူးအပါအဝင် သားဖွားဆရာမနှင့် ကလေးမ၏မိခင်ဖြစ်သူတို့က ထိုနေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် ဘိုကလေးကျေးရွာမှ ပြစ်မှုကျူးလွန်သူ၏ မိတ်ဆွေ တစ်ဦး ဖြစ်သည့် ဦးတင်ဌေးနေအိမ်၌ ကလေးမနှင့် ပထွေးဖြစ်သူအားတွေ့ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆက် ပြောသည်။

 “ဦးတင်ဌေးနဲ့ အဲဒီပြစ်မှုကျူးလွန်သူက အရင်တုန်းက မိတ်ဆွေတွေလို့ ပြောပါတယ်။ ဦးတင်ဌေးတို့အိမ်မှာက အခုလူမနေဘူးလေ။ မှောင်ကလည်းမှောင်နေပြီဆိုတော့ လူမရှိတဲ့အိမ်ကို ကလေးကိုခေါ်သွားတာပေါ့။ အဲဒီမှာ ပထွေးဖြစ်သူက အိမ်ပေါ်မှာ အိပ်နေပါတယ်။ ကလေးမကတော့ သူ့ဘေးမှာ ထိုင်နေပါတယ်။ ပါလာတဲ့ သူနာပြုနဲ့ ကလေးမလေးရဲ့ အမေတို့က ကလေးမရဲ့ ကိုယ်ကို စစ်ဆေးတော့ သူ့ပထွေးက အဓ္ဓပြုကျင့်ခံရနိုင်ခြေရှိတယ်ဆိုပြီး ကျိန္တလီဆေးရုံမှာ ဆရာဝန်နဲ့ စစ်ဆေးခဲ့ကြတော့ ကလေးမကို အဓ္ဓမပြုကျင့်ခံရတဲ့ အဖြေက ထွက်လာပါတယ်”ဟု ပြောသည်။

ပြစ်မှုကျူးလွန်သူအား သြဂုတ် ၃ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ကျိန္တလီမြို့မ ရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးခဲ့ပြီး ညနေ ၃ နာရီခန့်တွင် ဂွမြို့ရဲစခန်းသို့ ပြောင်းရွှေ့စစ်ဆေးခဲ့ကြောင်း ကျိန္တလီမြို့မရဲစခန်းမှ ရဲအုပ် ကျော်လွင်ဦးက ပြောသည်။

ကျိန္တလီမြို့မရဲစခန်းမှ ရဲအုပ် ကျော်လွင်ဦးက “ကျွန်တော်တို့ စခန်းကအမှုဖွင့်ထားပါတယ်။ အခင်းဖြစ်တဲ့နေ့က တစ်ညလုံးစစ်ဆေးခဲ့တယ်ပေါ့နော်။ ပြစ်မှုကျူးလွန်သူကတော့ သူဒီပြစ်မှုကို ကျူးလွန်ခဲ့တာကို ဝန်ခံပါတယ်။ ”ဟု ပြောသည်။

ထိုသို့ ပြစ်မှုကျူးလွန်သူအား ကျိန္တလီမြို့မရဲစခန်းက သံတွဲခရိုင်တရားရုံးတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ (၃၇၆) ဖြင့် တရားစွဲထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ကျောက်ဖြူမြို့နယ် ဂုံးချိန်ကျေးရွာအုပ်စုရှိ အသက် ၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးလည်း ထိုသို့ အဓ္ဓမပြုကျင့်ခံခဲ့ရကြောင်း သိရသည်။

ဆက်စပ် သတင်းများ