သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မင်းပြားမြို့နယ်တွင် ပုတ်ပွနေသည့် လူသေအလောင်းတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 8.6k

သိန်းဇော်(မောင်တော)
စစ်တွေ၊ သြဂုတ် ၂၁/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကင်းပွန်းချောင်းဖျားတွင် ပုတ်ပွနေသည့် လူသေအလောင်း တစ်လောင်းတွေ့ရှိရကြောင်း သတင်းရရှိသည်။

အဆိုပါလူသေအလောင်းမှာ မင်းပြားမြို့နယ် ဖလောင်းပြင်ကျေးရွာမှ မောင်ဆန်းဝင်း (၄ဝ)နှစ် (ဘ)ဦးသံခဲ ဖြစ်ကြောင်းသိရသည်။

သြဂုတ်လ ၂ဝ ရက်နေ့ နံနက် ၈ နာရီခန့်က ရမန်ဆည်နှင့် ကျားပိုက်ကေကြားတွင် အဆိုပါ အလောင်းအား တွေ့ရှိရကြောင်း၊ နေအိမ်မှပျောက်ဆုံးနေခြင်းမှာ ၅ ရက်ခန့်ကြာပြီးဖြစ်ကြောင်း၊ မိသားစုဝင်များလိုက်လံရှာဖွေ ခဲ့သော်လည်း မတွေ့ရှိခဲ့ရကြောင်း ဖလောင်းပြင်အုပ်စု အုပ်ချုပ်ရေးမှူး ဦးစံသိန်းအောင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“သူက အရက်လည်း နည်းနည်းသောက်တတ်တယ်။ အရက်နည်းနည်း သောက်တတ်တယ် ဆိုတော့ ဦးဏှောက်ကလည်း နည်းနည်းမကောင်းလို့သိရပါတယ်။ အဲ့လိုအရက်သောက်ပြီး မူးလို့လဲလို့ရေနစ်ပြီး သေသွားတာလား မသိဘူး။ အလောင်းက ပုတ်ပြီး အရည်ပျော်သွားပါပြီ” ဟု ၎င်းက ပြောသည်။

ဆက်လက်ပြီး ထိုလူသေအလောင်းနှင့်ပတ်သက်ပြီး စုံစမ်းမေးမြန်းရန် ဖလောင်းပြင်အုပ်စု ခေါင်းလောင်းချောင်း နယ်မြေခံရဲကင်း စခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ရဲကင်းစခန်းမှူးက သေဆုံးသွားသူမှာ ဖလောင်ပြင်ကျေးရွာမှ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“သူက စိတ်ကလည်း မနှံ့။ နောက်ပြီးတော့ အရက်ကလည်း နည်းနည်းသောက်တယ်။ နှလုံးရောဂါလည်း အခံရှိတယ်လို့သိရပါတယ်” ဟု ခေါင်းလောင်းချောင်း ရဲကင်းစခန်းမှူး ကပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး မိသားစုဝင်များက တရားဝင်အမှုဖွင့်ခြင်း၊ တစ်စုံတရာ တိုင်ချက်ဖွင့် ကြောင်းကြားခြင်း မရှိကြောင်း ရဲကင်းစခန်းမှူးက ပြောသည်။

ဆက်စပ် သတင်းများ