အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ်တွင် ဆေးကြောင်နေသူတစ်ဦးမှ ကိုရင်ကြီးတစ်ပါးကို လည်လှီးသတ်ဖြတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 5.2k

ချစ်အိလှိုင်
စစ်တွေ၊ သြဂုတ် ၂၆/၂ဝ၁၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကင်းတောင်ကျေးရွာတွင် ကိုရင်ကြီးတစ်ပါးကို ဆေးကြောင်နေသူတစ်ဦးက လည်လှှီး သတ်ဖြတ်လိုက်သည်ဟု သတင်းရရှိသည်။

အသတ်ခံရသူ ကိုယ်ရင်ကြီးမှာ သက်တော် (၇၂ နှစ်)၊ ဝါတော် (၁၂)ဝါရှိပြီဖြစ်သည့် ကိုရင်ကြီး ဦးအာစာရဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ အတည်ပြု ပြောကြားသည်။

သတ်ဖြတ်သူမှာ အသက် ၃ဝ အရွယ်ခန့် ကင်းတောင်ရွာမှ ချစ်မင်းဝေ(ခေါ်) ကျော်ကြီးဖြစ်ပြီး ယခုအခါ ဖမ်းဆီးထားပြီဟု ဆိုသည်။

၎င်းကိုယ်ရင်ကြီးအား ကင်းတောင်ရွာအနီးရှိ ဇရပ်ပေါ်တွင် ယနေ့ ညနေ ၃ နာရီခန့်က လည်လှီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကင်းတောင်အုပ်စု ရွာမ ရဲစခန်းမှ တပ်ကြပ်ကြီး အောင်သိန်းက နိရဥ္စရာ သတင်းဌာနသို့ အတည်ပြုပြောသည်။

“ဖြစ်စဉ်က ကိုရင်ကြီးက ရွာနားက ဇရပ်မှာအနားယူနေတုန်း လူတစ်ယောက်လာပြီး  လည်ပင်းလှီးလိုက်တယ်လို့သိရပါတယ်။ အဲဒီလူက စိတ်ကျန်းမာရေး ဆေးရုံက ဆင်းလာတာ တစ်လကျော်ပဲ ရှိသေးတယ်လို့သိရပါတယ်။ စိတ်မနှံတဲ့သူပါ။ ဆေးကြောင်နေတာလို့ ပြောကြတယ်။ သူ့ကို ရွာမှာ ကျော်ကြီးလို့တော့ ခေါ်တယ်လ ို့ ပြောကြတယ်” ဟု တပ်ကြပ်ကြီး အောင်သိန်းက ပြောသည်။

အသတ်ခံရသူကိုရင်ကြီးသည် တောင်ကုတ်မြို့နယ် တောင်ကျော် ကျေးရွာမှ ဖြစ်ပြီး အဆိုပါဇရပ်ပေါ်တွင် သားဖြစ်သူ ကိုရင်အပါအဝင် နောက် ကိုရင်တစ်ပါးနှင့်အတူ နေထိုင်ကြကြောင်း သိရသည်။
 
ကျောင်းတောင်ရွာမှ ကျောင်းဆရာအငြိမ်းစားတစ်ဦးဖြစ်သူ ဦးခင်မောင်က “ရွာထဲမှာဖြစ်တာ မဟုတ်ပါဘူး။ ရွာပြင် တစ်ဖာလုံလောက်မှာရှိတဲ့ ကိုးနဝင်း စေတီဘေးက ဇရပ်ပေါ်မှာနေကြတာပါ။ တရားခံက ဆေးသမားပါ။ ဆေးကြောင်နေတာလို့သိရပါတယ်”ဟု နိရဥ္စရာသို့ ပြောသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူအား ရွာမ ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး လူသတ်မှုပုဒ်မဖြင့် အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

ဆက်စပ် သတင်းများ