သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ်တွင် စက်လှေတစ်စီးနစ်မြုပ်၍ ကလေးငယ် ၄ ဦးအပါအဝင် မူဆလင်ဒုက္ခသည် ၆ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 1.6k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၈/၂ဝ၂ဝ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း စက်လှေ တစ်စီးနစ်မြုပ်၍ ကလေးငယ် ၄ ဦးအပါအဝင် လူ ၆ ဦး သေဆုံသွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားချက်အရ သိရသည်။

အဆိုပါစက်လှေမှာ ဇန်န်ဝါရီ ၂၆ ရက်နေ့က မင်းပြားမြို့နယ် လက်မဘင်္ဂါလီကျေးရွာမှ ထွက်ခွာလာစဉ် ယင်းနေ့ ည (၇)နာရီ ခွဲခန့်တွင် မြောက်ဦးမြို့နယ် ငခူတောင်ကျေးရွာနှင့် မင်းကန်ကျေးရွာအကြား သိမ်တောင်ချောင်းအတွင်း နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်လှေနစ်မြုပ်မှုကြောင့် စက်လှေပေါ်ပါလာသည့် ပေါက်တောမြို့နယ် ဂျော်ဂျီမူဆလင် ဒုက္ခသည် စခန်းမှ ၈ လအရွယ်ကလေးငယ်တစ်ဦးအပါအဝင် အန်ကာရူ(၃ဝ)နှစ်၊ ကာလာမောင်နူ(၉)နှစ်၊ ဇူရာဘေဂေါင်(၁ဝ)နှစ်၊ အဒူလာခိန်(၃)နှစ်နှင့် မင်းပြားမြို့နယ် လက်မမူဆလင် ကျေးရွာမှ အာမီနာ(၅၈) နှစ်တို့မှာ သေဆုံးသွားကြောင်း သိရသည်။

“စက်လှေမှာမောင်းတဲ့လူက ခိုးမှုနဲ့ တရားခံပြေးတစ်ယောက်ပါ။ အခုသူ့စက်လှေနဲ့ လိုက်သွားကြတာပါ။ ကျန်တဲ့လူတွေကို စက်လှေမြုပ်တဲ့ နေရာ အနီးကရွာက ရခိုင်တွေ ကယ်လိုက်တယ်လို့ ကြားပါတယ်”ဟု လက်မမူဆလင် ကျေးရွာ အုပ်စုတာဝန်ခံ ဦးမောင်ဆန်းလှိုင်(ခ) ဆာဂျီယူမောက်က နိရဥ္စရာ သတင်းဌာနအားပြောသည်။

နစ်မြုပ်သွားသည့်စက်လှေအား မောင်းနှင်လာသူမှာ မင်းပြားမြို့နယ် လက်မမူဆလင် ကျေးရွာမှ ဝါရာကိန်းဆိုသူဖြစ်ပြီး စက်လှေပေါ်တွင် လူ ၂၃ ဦးကို တင်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စက်လှေပေါ်လိုက်ပါလာသူများမှာ ပေါက်တောမြို့နယ် ဂျော်ဂျီဘင်္ဂါလီ ဒုက္ခသည်စခန်းမှ လူများနှင့် အခြားဒေသမှလူစိမ်းများပါဝင်သည်ဟုလည်း ဒေသခံများ ပြောပြချက်အရ သိရသည်။

လက်မကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းကလည်း “အခုက လူကုန်ကူးသလို ပုံစံမျိုးပဲ။ ဝါရာကိန်းက ပိုက်ဆံ ဘယ်လောက် ယူပြီးပို့ပေးနေတာလဲဆိုတာ မေးလို့ရနိုင်မှာ မဟုတ်ဘူး။ စက်လှေမှာ ပါတဲ့လူတွေက ဖြေမှပေါ။ အခု မင်းပြားထွေအုပ်ရုံးကို စာရင်းပို့ထားပါတယ်။ ဝါရာကိန်းကို အမှုဖွင့်စစ်ဆေးမယ်လို့ကြားပါတယ်”ဟု ပြောသည်။

လက်ရှိတွင် ပျောက်ဆုံးနေသူကလေးငယ် အဒူလာခိန်(၃)နှစ် ၏အလောင်းကို နောက်ပိုင်းတွင် ရှာဖွေနေကြပြီး ထွက်ပြေးလွတ်မြောက်နေသည့် စက်လှေမောင်းသူ ဝါရာကိန်းကိုလည်း ရှာဖွေကာ မင်းပြားမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူရန် လုပ်ဆောင်နေကြောင်း သိရသည်။

---------------------------

Unicode:


နိရဉ်စရာ၊ ဇနျနဝါရီ ၂၈/၂ဝ၂ဝ









ဆက်စပ် သတင်းများ