သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်ခံထားရသည့် ဝင်းနှင့်ဇော်တို့၏ ပြစ်ဒဏ်ကို တသက်တကျွန်း ပြောင်းလဲချမှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 2.5k

နိရဥ္စရာ၊ သြဂုတ် ၁၄/၂ဝ၂ဝ

ထိုင်းနိုင်ငံတွင် လူသတ်မှုဖြင့် စွဲချက်ဖြင့် သေဒဏ်ချမှတ်ခံထားရသည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ကို ထိုင်းဘုရင်က ယနေ့တွင် သေဒဏ်ကနေ တသက်တကျွန်း ပြောင်းလဲချမှတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

သူတို့အမှုအား ကူညီဆောင်ရွက်ပေးနေသူ ဦးကျော်အေးမောင်က “ သေဒဏ်ကနေ တစ်သက် တစ်ကျွန်းကို ထိုင်းဘုရင်ကနေ ဒီကနေ့မှာ သက်ညှာ လျော့ပေါ့ပေးလိုက်တယ်ဆိုတာ သူ့အမှုကို အတူ လိုက်ပါဆောင်ရွက်ပေးနေတဲ့ မဇာတို့ ရှေ့နေ ဦးအောင်မျိုးသန့် က သတင်းပေးတဲ့ အတွက် သိရှိရပါတယ်။ ကျွန်တော်တို့က အကောင်းဆုံးမျှော်လင့်ထားပါတယ်။ ဒီလို တစ်သက်တစ်ကျွန်းကို လျော့ပေါ့ပေးလိုက်တယ်ဆိုတော့ ထိုင်းနိုင်ငံရဲ့ နေ့ကြီးရက်ကြီးတွေရယ်။ ထိုင်းဘုရင်ရဲ့ မွေးနေ့တွေမှာ သနားသက်ညှာတဲ့ အနေနဲ့ မကြာခင်လွတ်လာဖို့ မျှော်လင့်ပါတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။  

သူတို့ နှစ်ဦးအား တသက်တကျွန်းသို့ ပြောင်းလဲချမှတ်လိုက်သည့် အတွက် ထောင်ထဲတွင် ၆ နှစ်ခန့် နေပြီးသွားပြီ ဖြစ်သော သူတို့နှစ်ဦးမှာ  နှစ်အနည်းငယ်နေပြီးရင် ပြန်လည် လွတ်မြောက်နိုင်ဖွယ် ရှိကြောင်း ထိုင်းအခြေစိုက် VOA သတင်းထောက် ဒေါ်အေးအေးမာ၏ ပို့စ်တွင် ရေးသားထားသည်။ 

မြန်မာရွှေ့ပြောင်းလူငယ်နှစ်ဦးဖြစ်ကြသည့် သူတို့နှစ်ဦးကို ထိုင်းနိုင်ငံမှာ လိပ်ကျွန်းတွင် ဗြိတိသျှလူငယ်စုံတွဲနှစ်ဦးကို သတ်ဖြတ်မှုဖြင့် ထိုင်းတရားရုံးမှ သေဒဏ်ချမှတ်ထားခြင်း ဖြစ်သည်။ 

သူတို့နှစ်ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်အတွင်းရှိ ခိုတောင်ကျွန်း (လိပ်ကျွန်း) တွင် ၂ဝ၁၄ ခုနှစ် စက်တင်ဘာလအတွင်းက ဗြိတိန်နိုင်ငံသားနှစ်ဦးဖြစ်သည့် ဒေးဗစ်မေလာနှင့် ဟန်နာဝစ်သာရစ်ဂျ် တို့နှစ်ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ကော်စမွီခရိုင်တရားရုံးက လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု အပါအဝင် စွဲချက်တင်ခဲ့သည်။ 

ဇော်လင်းနှင့် ဝင်းဇော်ထွန်း တို့ကို ပြစ်မှုထင်ရှားသည်ဆိုကာ လူသတ်မှုနှင့် သတင်းထိမ်ချန်မှု အတွက် သေဒဏ်၊ ဟန်နာဝစ်သာ ရစ်ချ်ကို အဓမ္မပြုကျင့်မှုအတွက် ထောင်ဒဏ် နှစ် ၂ဝ၊ ပစ္စည်းခိုးမှု အတွက် ထောင်ဒဏ် ၂ နှစ်၊ ည အချိန်မတော် နေထိုင်မှုအတွက် ထောင်ဒဏ် တစ်နှစ်ခွဲ၊ ထိုင်းနိုင်ငံ အတွင်း ခိုးဝင်မှုအတွက် ထောင် ဒဏ်ခြောက်လနှင့် တရားမဝင်နေ ထိုင်မှုအတွက် ထောင်ဒဏ် ခြောက်လ စသော ပြစ်ဒဏ်များကို ကော့စမွီတရားရုံးက ၂ဝ၁၅ ဒီဇင် ဘာ ၂၄ ရက်တွင် အမိန့်ချမှတ်ခဲ့ သည်။

ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့အား သေဒဏ်ချမှတ်ထားရာ ထိုင်းတရားသူကြီးက ၂ဝ၁၉ ဩဂုတ် ၂၉ ရက်မှာ နောက်ဆုံးအယူခံကို ထိုင်းဗဟိုတရားရုံးမှ ပယ်ချခဲ့သည်။

သူတို့မိသားစုများသို့ ဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် အဆက်အသွယ်မရသေးပါ။ 

(Photo by Aye Aye Mar post)


ဆက်စပ် သတင်းများ