သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် တောဆင်ရိုင်းနင်းခံရ၍ အမျိုးသား ၁ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.3k

နှင်းနွယ်နီ
နိရဥ္စရာ၊ နိုဝင်ဘာ ၂၀/၂၀၂၁
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ငါးရံ့ချောင်းကျေးရွာအုပ်စု၊ ကျီးနှုတ်သီးကျေးရွာတွင် တောဆင်ရိုင်းနင်းခံရ၍ အမျိုးသား ၁ ဦးသေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသူမှာ ကျီးနှုတ်သီးကျေးရွာ၊ ရပ်ကွက် (၁၀)နေ မူဆလင်အမျိုးသား ဦးခေါ်လီမူလ္လာ (၃၈ နှစ်) ဖြစ်သည်။
သူသည် နိုဝင်ဘာလ ၁၈ ရက်၊ ည ၁၀ နာရီဝန်းကျင်ခန့်က ဦးကော်မူလာ၏ စပါးခင်းတွင် ရွာသားအချို့နှင့် ညစောင့်အဖြစ်လုပ်ကိုင်နေစဉ် တောဆင်ရိုင်းနင်းခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ငါးရံ့ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။
“ဆင်က ခေါင်းကိုနင်းသွားတာ။ ဦးနှောက်တွေ နှာခေါင်းကနေတောင် ထွက်သွားတယ််” ဟုပြောသည်။
ဦးကော်လီမူလာ၏ စပါးခင်းတွင် ညတိုင်းနီးပါး ဆင်များလာပြီး စပါးပင်များကို ဖျက်ဆီးစားသောက်ကြသည့်အတွက် ရွာသားအချို့စောင့်ဆိုင်းကာ ဆင်ကိုမောင်းထုတ်ချိန်၌ ယခုဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း မောင်တောမြို့နယ်မှ ဝေလာတောင်ကျေးရွာသားတစ်ဦးသည်လည်း မောင်တောမြို့သို့ ဆေးခန်းပြရန်သွားစဉ်တွင် ရွာ၏တောင်ဘက် ဒုံးချောင်းတံတားအနီးတွင် ဆင်နင်းခံရ၍ သေဆုံးသွားခဲ့သေးသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်ကလည်း မောင်တောမြို့နယ် နံ့သာတောင်ကျေးရွာရှိ နံ့သာတောင်ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းက စိုက်ပျိုးထားသည့်စပါးများကို တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးခဲ့သေးသည်။
တောဆင်ရိုင်းများသည် တောတောင်များတွင် အစာရေစာရှားပါးလာနေသည့်အတွက် ယခုကဲ့သို့ စပါးပေါ်သည့်ရာသီများတွင် စပါးခင်းများသို့လာရောက်စားသောက်လေ့ရှိပြီး လူများကိုလည်း တိုက်ခိုက်လေ့ရှိတတ်ကြသည့်အတွက် အထူးသတိထားကြရန်လိုအပ်သည်။

ဆက်စပ် သတင်းများ