အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

မာန်အောင်ဟိုတယ်ဇုန်ဝန်ထမ်းသေဆုံးမှု အမှုမှန်ဖော်ထုတ်ပေးရန် နေပြည်တော်ရှိ ရဲချုပ်နှင့်မှုခင်းဌာနထံ စာတင်တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 9.6k

သ ဉ္ဇာနွယ်
နိရဥ္စရာ၊ မတ် ၂၂ / ၂ဝ၂၂
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်ရှိ မာန်အောင်ဟိုတယ်ဇုန်ဝန်ထမ်းသေဆုံးမှုကို အမှုမှန်ဖော်ထုတ်ပေးရန် နေပြည်တော်ရှိ ရဲချုပ်နှင့်မှုခင်းဌာနထံ မိသားစုဝင်များက စာတင်တောင်းဆိုလိုက်ကြောင်း သိရသည်။
အဆိုပါစာကို သေဆုံးသူ၏ဆွေမျိုးတော်စပ်သော မာန်အောင်မြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်းက မတ်လ ၂၁ ရက်တွင် ကိုယ်တိုင်သွားရောက် တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
မာန်အောင်ဟိုတယ်ဇုန်ဝန်ထမ်းတစ်ဦး ဒဏ်ရာများဖြင့်သေဆုံးသွားမှုမှာ လက်ရှိတွင် တစ်လကျော်ကြာနေပြီဖြစ်သော်လည်း အမှုမှန်မပေါ်ပေါက်သေးသည့်အတွက် ယခုကဲ့သို့ တောင်းဆိုရခြင်းဖြစ်သည်ဟု ဦးကျော်သန်းက နိရဥ္စရာကိုပြောသည်။
“အမှုမှန်မပေါ်ပေါက်သေးလို့ နေပြည်တော်မှာရှိတဲ့ ဌာနကိုသွားတိုင်တာပါ။ သူတို့ဘက်က ဘယ်လိုအဖြေထွက်လာမလဲတော့မသိဘူး"ဟုပြောသည်။
သေဆုံးသူမှာ မာန်အောင်ဟိုတယ်ဇုန်တွင် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလမှစတင်ကာ စားဖိုးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် မာန်အောင်မြို့နယ်၊ ကုန်းခင်ကျေးရွာမှ ကိုမင်းထက်ဝေ(၂၁ နှစ်)ဖြစ်သည်။
သူသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂ ရက် ညဥ့် ၂ နာရီက သူအလုပ်လုပ်နေသည့် ဟိုတယ်ဇုန်အတွင်းမှ ပျောက်ဆုံးသွားခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် ဟိုတယ်ဇုန်အတွင်းရှိဆည်၌ ဒဏ်ရာများဖြင့်သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သေဆုံးသူနှင့်အနီးစပ်ဆုံးနေထိုင်ခဲ့သည့်သံသယရှိသူ ၂ ဦးကို ရမန်ယူပြီး မာန်အောင်မြို့နယ် ဆားချက်တိုက်နယ်စခန်းတွင် စစ်ဆေးနေသော်လည်း အမှုမှန်မပေါ်ပေါက်သေးဟု သိရသည်။
ဟိုတယ်ဝန်ထမ်းသေဆုံးမှုကြောင့် လက်ရှိတွင် မာန်အောင်ဟိုတယ်ဇုန်ကိုလည်း ယာယီပိတ်ထားရကြောင်း သိရသည်။

ဆက်စပ် သတင်းများ