သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မောင်တောတွင် ဆီဘောက်ဆာကားတစ်စီးပေါ်မှ ကျပ်သန်းပေါင်း ၁ သောင်းကျော်တန်ဖိုးရှိ WY မူးယစ်ဆေးများ ဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 6.7k

မာန်ယုကျော်၊ ချစ်အိလှိုင်
နိရဥ္စရာ၊ သြဂုတ် ၂၇ / ၂ဝ၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျီးကန်းပြင်နယ်ခြားစောင့်စစ်ဆေးရေးဂိတ်ဌာနချုပ်တွင် ယနေ့ သြဂုတ် ၂၇ ရက် နံနက် ၁၁ နာရီခွဲက ဆီဘောက်ဆာကားတစ်စီးပေါ်မှ ကျပ်သန်းပေါင်း ၁ သောင်းကျော် (၁ဝ ဘီလီယံကျော်)တန်ဖိုးရှိ WY မူးယစ်ဆေးများ ဖမ်းမိခဲ့သည်ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက အတည်ပြုပြောသည်။
“သတင်းက ဟုတ်ပါတယ်။ အရေအတွက်က သန်းပေါင်း တစ်သောင်းလောက်ကျော်တယ်။ ငွေကြေးတန်ဖိုးပေါ့။ ပီနံအိတ် ၂၇ အိတ်လို့ပြောတယ်။ ဆီကားလို အယောင်ဆောင်လို့လာတော့ တာဝန်ရှိတဲ့လူက ဖမ်းတာပေါ့။ WY ပါ။ အသေးစိတ်ကတော့ မသိဘူးဗျ” ဟု ပြောသည်။
အသေးစိတ်သိနိုင်ရန် ကျီးကန်းပြင်နယ်ခြားစောင့်စစ်ဆေးရေးဂိတ်ဌာနချုပ်မှ တာဝန်ကျအရာရှိ ဒုရဲမှူးမျိုးလွင်အား မေးမြန်းရာ ၄င်းအားတင်ပြလာခြင်းမရှိသေးသဖြင့် သိရှိခြင်းမရှိသေးဟုဆိုကာ ဖုန်းချသွားခဲ့သည်။
မောင်တောမြို့နယ်ရဲစခန်းမှူးမြင့်ကျော်ဦးကလည်း ဖမ်းဆီးရမိသည်ကိုကြားသိရသော်လည်း နယ်ခြားစောင့်တပ်ထံမှ တစ်စုံတရာသိရှိခြင်းမရှိသေးဟု ပြောသည်။
ကျီးကန်းပြင်ဌာနချုပ်စစ်ဆေးရေးဂိတ်အနီးရှိ အောင်မင်္ဂလာကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက ယခုဖမ်းမိသည့်ကားမှာ မန္တလေးမှလာသည့်ကားဖြစ်သည်ဟု ဆိုသည်။
“ကားပေါ်မှာ လင်မယားနှစ်ယောက်ပါတယ်။ အမျိုးသားက ထွက်ပြေးသွားတယ်။ မိန်းမကိုတော့ ဌာနချုပ်မှာ ထိန်းသိမ်းထားတယ်လို့ပြောပါတယ်။”ဟု ပြောသည်။
ယနေ့ မောင်တောတွင်ဖမ်းမိသည့် ဂါလံ (၂၈ဝဝ)ဆ့ံကားအား မန္တလေးမြို့မှ ဦးအောင်ကျော် (၃၁ နှစ်)က ဇနီးဖြစ်သူ ဒေါ်မေမဲ (၂၆ နှစ်)နှင့်အတူ ဆီလုံးဝမပါဘဲ မူးယစ်ဆေးတစ်ခုတည်းထည့်ကာ မောင်းနှင်လာခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း နိရဥ္စရာသတင်းဌာနအနေဖြင့် သီးခြားအတည်ပြု၍ မရသေးပါ။

ဆက်စပ် သတင်းများ