ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မောင်တောတွင် နေအိမ်တစ်လုံးအတွင်းမှ ကျပ်သိန်း ၁၉၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.6k

နှင်းနွယ်နီ
နိရဥ္စရာ၊ စက်တင်ဘာ ၃၀/၂၀၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့ မောင်နီကျေးရွာတွင် နေအိမ်တစ်လုံးအတွင်းမှ ကျပ်သိန်း ၁၉၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ယမန်နေ့က ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ယမန်နေ့ စက်တင်ဘာလ ၂၉ ရက် နေ့လယ် ၁ နာရီခွဲအချိန်ခန့်က မောင်တောမြို့၊ မောင်နီကျေးရွာနေ မာမက်ဟူဆောင်း(၂၅ နှစ်)၏နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ ၎င်းကို မတွေ့ရှိသည့်အတွက် ဆက်လက်ရှာဖွေရာ ကာလတန်ဖိုး ကျပ်သိန်း ၁၉ဝ ခန့်တန်ဖိုးရှိ WY/R စာတမ်းပါ မူးယစ်ဆေးဝါး ၉,၅၀၀ ပြားကို တွေ့ရှိဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း မောင်တောမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ကျော်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
“မာမက်ဟူဆောင်းကိုတော့ ဖမ်းမမိသေးပါဘူး”ဟု ပြောသည်။
၎င်းဆေးပြားများကို မာမက်ဟူဆောင်း၏နေအိမ်မှ မြေထဲတွင်မြှုပ်လျက်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မာမက်ဟူဆောင်း၏ဇနီးဖြစ်သူ အနုဝါဘေဂွန်းအားဖမ်းဆီးထားကြောင်း ၎င်းက ဆက်ပြောသည်။
“အိမ်ထဲမှာတွေ့တာပါ။ အိမ်ထဲက မြေကြီးမှာမြှုပ်ထားတာ။ သူတို့အရောင်းအဝယ်လုပ်နေတယ်ကြားလို့ ရဲကဝင်ဖမ်းတာပေါ့။ နှစ်ယောက်လုံးမှာ တာဝန်ရှိတယ်လေ။ အဲဒါကြောင့်ဖမ်းတာ” ဟုပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး သူတို့ကို မောင်တောမြို့မရဲစခန်းတွင် မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အမှုဖွင့်ပြီး ဥပဒေအရအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Photo - ရခိုင်နေ့စဉ်

ဆက်စပ် သတင်းများ