သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်သို့ မူးယစ်ဆေးဝါးများတရားမဝင်ပို့ရာတွင် ရခိုင်ကို မှောင်ခိုလမ်းကြောင်းအဖြစ်အသုံးချနေခြင်းမှာ တရားဥပဒေစိုးမိုးမှု အားနည်းချက်ကြောင့်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.6k

သဥ္ဇာနွယ်
နိရဥ္စရာ၊ အောက်တိုဘာ ၆/ ၂၁၂၁
တစ်ဘက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ မူးယစ်ဆေးဝါးများကို တွင်တွင်ကျယ်ကျယ် တရားမဝင် တင်ပို့ရာတွင် ရခိုင်ပြည်နယ်ကို မူးယစ်မှောင်ခိုလမ်းကြောင်း အဖြစ်အသုံးချနေခြင်းမှာ တရားဥပဒေစိုးမိုးမှု အားနည်းချက်ကြောင့် ဖြစ်သည်ဟု မောင်တောမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းက နိရဥ္စရာကိုပြောသည်။
မောင်တောမြို့နယ်တွင် မူးယစ်ဆေးဝါးများ မကြာခဏ ဖမ်းဆီးမိနေခြင်းနှင့် ပတ်သက်ပြီး မေးမြန်းစဉ် သူက မူးယစ်ဆေးဝါးဖမ်းဆီးရမှုနှင့် ပတ်သက်ပြီး ထိုသို့ မှတ်ချက်ချ ပြောကြားသွားခြင်း ဖြစ်သည်။
“မူးယစ်ဆေးတွေကို ဒီကိုသယ်လာတာ အခက်ခဲအများကြီးထဲက ယူလာရတာ ထင်တယ်။ အဲဒီထဲက ဘယ်လိုရောက်လာလဲ ဒီမောင်တော မြို့ထဲကို။ သက်ဆိုင်ရာတွေက ဂရုစိုက်ဖို့လိုပါတယ်။ အဲဒီမူးယစ်ဆေးတွေက ဒီနေရာကိုဘယ်လိုရောက်လာလဲဆိုတာ သံသယတော့ဖြစ်စရာ ရှိတယ်ပေါ့နော်။ မူးယစ်ဆေးဝါးထိန်းချုပ်ဖို့ဆိုရင် တရားဥပဒေစိုးမိုးမှု ရှိဖို့လိုတယ်”ဟု ပြောသည်။
တရုတ်-မြန်မာနယ်စပ်နှင့် ရွှေတြိဂံဒေသတို့ဘက်က ထုတ်လုပ်သည့် မူးယစ်ဆေးများကို မူးယစ်မှောင်ခိုဂိုဏ်းများအနေဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းကို ဖြတ်ကျော်ကာ ရခိုင်ပြည်နယ်သို့ ကုန်းလမ်းအပြင် ပင်လယ် ရေကြောင်းလမ်းတို့မှ တင်ပို့ကြပြီး ထိုမှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ နေကြခြင်းဖြစ်သည်ဟု သိရသည်။
ထိုသို့ တင်ပို့ရာတွင် မြန်မာနိုင်ငံမှ စစ်ဆေးရေးဂိတ်အများအပြားကို ဖြတ်ကျော်ခဲ့ရသော်လည်း တစ်စုံတစ်ရာ ဖမ်းဆီးခံရမှုများ မရှိဘဲ နောက်ဆုံးလမ်းကြောင်းဖြစ်သည့် ရခိုင်ပြည်နယ် နယ်စပ် မောင်တောမြို့နယ်တွင်သာ ကျပ်ငွေ ဘီလီယံနှင့်ချီတန်ဖိုးရှိသည့် မူးယစ်ဆေးများကို စံချိန်တင်ဖမ်းမိမှုများ ရှိနေသည့် အပေါ် အများပြည်သူက မေးခွန်းထုတ်မှုများ ဖြစ်ပေါ်လာခဲ့သည်။
“မောင်တောက ဘင်္ဂလားဒေ့ရှ်ကို ထွက်ခွာဖို့ နောက်ဆုံးဂိတ်ဖြစ်နေတယ်။ အဲ့ဒါကြောင့် ဒီဂိတ်မှာပဲဖမ်းမိတယ်။ တစ်လျှောက် ဘယ်နေရာမှ မဖမ်းမိဘဲ မောင်တောကျမှ ဖမ်းမိတာကတော့ တော်တော် အံ့ဩစရာကောင်းနေတယ် ”ဟု ဦးမောင်အုန်းက ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက်က မောင်တောမြို့နယ်၊ ကျီးကန်းပြင် စစ်ဆေးရေးဂိတ်တွင် ကျပ် ၁ဝ ဘီလီယံကျော်တန်ဖိုးရှိ WY ဆေးပြားများနှင့် အိုက်စ်(မက်သ်အဖက်တမင်း)များကို NISSAN ၈ ဘီး ဆီဘောက်ဆာယာဉ်ဖြင့် မန္တလေးမှ မောင်တောမြို့နယ် တောင်ပြိုသို့ပို့ဆောင်လာစဉ် ဖမ်းဆီးရမိခဲ့သည်။
ယခုလတ်တလောတွင်လည်း သြဂုတ်လ ၂၇ ရက်မှ အောက်တိုဘာလ ပထမပတ်အထိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိမှု ၁ဝ ကြိမ်ထက်မနည်း ရှိခဲ့သည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး မောင်တောမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက “ဘင်္ဂလားဒေ့ရှ်ကိုပဲ တင်သွင်းတာများပါတယ်။ အနယ်နယ်အရပ်ရပ်က ဂိတ်တွေကို ဘယ်လိုဖြတ်ကျော်လာလဲတော့ မသိပါဘူး”ဟု ပြောသည်။
ယင်းကဲ့သို့ မောင်တောနယ်စပ်တွင် အများဆုံးဖမ်းဆီးရမိနေခြင်းမှာ မောင်တောနယ်စပ်တွင် လုံခြုံရေးကို ယခင်ကထက် အနည်းငယ် အရေးစိုက် ဆောင်ရွက်နေ၍ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးများအကြီးအကျယ် ဝင်ရောက်နေသည့် အတွက် ရခိုင်တွင် ကျေးလက်ဒေသမှ လူငယ်များမှာ မူးယစ်သားကောင်များ ဖြစ်လာနေကြပြီဟုလည်း ရခိုင်လူငယ်မျိုးဆက်သစ် အဖွဲ့ဝင် မဦးခင်သိန်းက ဝေဖန်လိုက်သည်။
မဦးခင်သိန်းက “ကျမတို့ဒေသက စစ်ဆေးရေးဂိတ်တွေ၊ စစ်ဆေးချက်များ ပေါများတဲ့ဒေသဖြစ်ပေမဲ့ နယ်စပ်ထိတောင် ရောက်တယ်ဆိုတာ ကျမတို့အနေနဲ့စဉ်းစားစရာဖြစ်တယ်။ လမ်းတစ်လျှောက် လုံခြုံရေး လုံးဝအားနည်းတယ်လို့ မြင်တယ်။ ကျမတို့ဒေသမှာ ထွက်တာလည်း မဟုတ်ဘူး။ ခုဆိုရင် ရခိုင်မှာ ကျေးလက်ဒေသထိပါ မူးယစ်ဆေးဝါးသားကောင်ဖြစ်နေကြတာကို ကျမတို့တွေ့မြင်နေရတယ်။ ဒီဆေးတွေကြောင့် ခိုးမူ၊ လုယက်မှုတွေ ဖြစ်လာတယ်”ဟု ပြောသည်။
ရခိုင်သို့ တရားမဝင် မူးယစ်ဆေးများတင်သွင်းရောင်းချနေမှုနှင့် လူငယ်များ မူးယစ်ဆေးသုံးစွဲမှုများလာနေမှုကိုထိန်းချုပ်နိုင်ရန်အတွက်ဟုဆိုကာ ဘူးသီးတောင်နှင့် မောင်တောဒေသတို့တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးကို အထူးစီမံချက်အဖြစ် ၂ဝ၁၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက် အောက်တိုဘာ ၅ ရက်အထိ ဓညတီစစ်ဆင်ရေး၊ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၈ ရက်အထိ မေယုစစ်ဆင်ရေးတို့ကို ဆောင်ရွက်ခဲ့သေးသည်။
ယင်းစစ်ဆင်ရေးများတွင်လည်း မူးယစ်ဆေးဝါးများ စံချိန်တင်ဖမ်းဆီးရမိခဲ့သည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် မူးယစ်အထူးတပ်ဖွဲ့မှ တာဝန်ရှိသူအား ဆက်သွယ်ခဲ့ရာ ခရီးလွန်နေသေးသည့်အတွက် လောလောဆယ်ဖြေကြားရန်အဆင်မပြေးသေးဟု ပြောသည်။
မောင်တောနယ်စပ်တွင် အများဆုံးဖမ်းမိရမိသည့်မူးယစ်ဆေးများမှာ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြားများ၊ WW/R စာတမ်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြားများ၊ အိုက်စ်(မက်သ်အဖက်တမင်း)၊ ဆေးခြောက်၊ ဗျူပရီနော်ဖင်း ထိုးဆေးပုလင်းများ၊ အယ်ပရာဇိုလမ် ဆေးပြားများ၊ မော်ဖင်းထိုးဆေးပုလင်းများနှင့် Fentanyl ထိုးဆေးပုလင်းတို့ဖြစ်သည်။
မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသောတရားခံများကို မူးယစ်ဥပဒေအရ ၃ ဂရမ်ထက်များလျှင် ပုဒ်မ ၁၉(က)အရ ထောင်ဒဏ် အနှစ် ၂၀ အထိချမှတ်နိုင်ပြီး ၃ ဂရမ်အောက်နည်းလျှင် ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိချမှတ်နိုင်ကြောင်း မောင်တောမြို့မရဲစခန်းမှ သိရသည်။
ဓာတ်ပုံ - သြဂုတ်လ ၂၇ ရက်က NISSAN ၈ ဘီး ဆီဘောက်ဆာယာဉ်ဖြင့် သယ်ဆောင်လာသည့် ကျပ် ၁ဝ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မောင်တောမြို့နယ်၊ ကျီးကန်းပြင် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့စဉ်။
Photo - CCDAC Myanmar

ဆက်စပ် သတင်းများ