သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မောင်တောတွင် ကျပ်သိန်းပေါင်း ၁,၅၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.3k

နှင်းနွယ်နီ
နိရဥ္စရာ၊ အောက်တိုဘာ ၁၄/၂၀၂၁
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကျပ်သိန်းပေါင်း ၁,၅၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်အထူးတပ်ဖွဲဲ့က ယနေ့ အောက်တိုဘာလ ၁၄ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါမူးယစ်ဆေးများကို ယမန်နေ့ အောက်တိုဘာလ ၁၃ ရက် တစ်ရက်တည်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က နေရာနှစ်ခုခြား၍ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယမန်နေ့ နေ့လယ် ၃ နာရီခန့်က မောင်တောမြို့နယ် ငန်းချောင်းကျေးရွာမှ ကျီးကန်းပြင်ကျေးရွာသို့သွားလမ်းတွင် ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးထံမှ ကျပ်သိန်း ၃၉ဝ တန်ဖိုးရှိ စိတ်ကြွဆေးပြားများကိုဖမ်းဆီးမိခဲ့သည်။
ယင်းနေ့ည ၁၂ နာရီခန့်တွင်လည်း ငါးခူရကျေးရွာဘက်မှ နယ်စပ်ခြံစည်းရိုးဘက်သို့ အထုပ် ၁ ထုပ်လွယ်၍ လမ်းလျှောက်လာသည့် မသင်္ကာဖွယ်ရာ လူတစ်ဦးကို စစ်ဆေးရန်ခေါ်ယူစဉ် အထုတ်အား ပစ်ချ၍ ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။
အဆိုပါအထုပ်အား ဖွင့်ဖောက်စစ်ဆေးခဲ့ရာတွင် ကျပ်သိန်းပေါင်း ၁,၁၄ဝ တန်ဖိုးရှိ WY/R စာတန်းပါ စိတ်ကြွ မူးယစ်ဆေးပြားများကို ပိုင်ရှင်မဲ့သိမ်းဆည်းမိခဲ့သည်ဟု မူးယစ်အထူးတပ်ဖွဲဲ့က ထုတ်ပြန်ထားသည်။
တရားခံအား ဖမ်းဆီးမိနိုင်ရေးနှင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ