သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မောင်တောတွင် ရက်ပိုင်းအတွင်း ကျပ်သိန်း ၁၅၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.1k

သဥ္ဇာနွယ်

နိရဥ္စရာ၊ နိုဝင်ဘာ ၂၇/ ၂၀၂၁

ရခိုင်ပြည်နယ်တွင် ရက်ပိုင်းအတွင်း ကျပ်သိန်း ၁၅၀၀ ကျော်တန်ဖိုးရှိသော မူးယစ်ဆေးဝါးများဖမ်းဆီးရမိကြောင်း သိရသည်။

နိုဝင်ဘာလ ၂၆ ရက်က မောင်တောမြို့နယ် ကျီးကန်ပြင် စစ်ဆေးရေးဂိတ်တွင် W/R စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြားများကို အထုပ်ကြီး(၈၅)ထုပ်တွေ့ရှိရပြီး အထုပ်များအတွင်းမှ အပြာရောင်ကပ်ခွာ အိတ်ငယ်များဖြင့် ထည့်လျက် W/R စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ် ဆေးပြားစုစုပေါင်း(၈၂၈,၇၅၀)ပြား၊ (ကာလတန်ဖိုး ၁,၄၃.၁၂၅,၀၀၀ ကျပ်ခန့်)အား သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

မောင်တောမြို့မစခန်းမှူးက ဖမ်းတာတော့ကြားမိပါတယ်။ နယ်ခြားစောင့်ကဖမ်းတာပါဟု ပြောသည်။

၎င်းဖမ်းမိသည့်မူးယစ်ဆေးများကို ဘူးသီးတောင်မြို့နယ် ကြိမ်ချောင်းဘက်သို့ မောင်းနှင်လာသည့် (၆)ဘီး အပြာရောင် မော်တော်ယာဉ်(အပြာရောင်)ပေါ်မှ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အလားတူ မောင်တောမြို့နယ်၊ ကျီးကန်းပြင်စစ်ဆေးရေးဂိတ်တွင် နိုဝင်ဘာ ၂၁ ရက် မွန်းတည့် ၁၂ နာရီခန့်ကလည်း ကျပ်သိန်းပေါင်း ၁၉၀ ကျော်တန်ဖိုးရှိ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြားများကို HONDA အမျိုးအစား မော်တော်ယာဉ်တစ်စီးပေါ်မှ ဖမ်းမိခဲ့ကြောင်း သိရသည်။

မောင်တောနယ်စပ်တွင် အများဆုံးဖမ်းမိရမိသည့်မူးယစ်ဆေးများမှာ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြားများ၊ WW/R စာတမ်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြားများ၊ အိုက်စ်(မက်သ်အဖက်တမင်း)၊ ဆေးခြောက်၊ ဗျူပရီနော်ဖင်း ထိုးဆေးပုလင်းများ၊ အယ်ပရာဇိုလမ် ဆေးပြားများ၊ မော်ဖင်းထိုးဆေးပုလင်းများနှင့် Fentanyl ထိုးဆေးပုလင်းတို့ဖြစ်သည်။

အဆိုပါမူးယစ်ဆေးဝါးများကို တစ်ဘက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တွင်တွင်ကျယ်ကျယ် တရားမဝင်တင်ပို့ရာတွင် ရခိုင်ပြည်နယ်ကို မူးယစ်မှောင်ခိုလမ်းကြောင်းအဖြစ်အသုံးချနေခြင်းမှာ တရားဥပဒေစိုးမိုးမှုအားနည်းချက်ကြောင့်ဖြစ်သည်ဟု မောင်တောမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းက ပြီးခဲ့သည့် အောက်တိုဘာလက နိရဥ္စရာကိုပြောဆိုထားသည်။

ဓာတ်ပုံ - နိုဝင်ဘာလ ၂၁ ရက်က မူးယစ်ဆေးဝါးများနှင့်ဖမ်းမိသူများအားတွေ့ရစဉ်။ Photo - CCDAC Myanmar

 

ဆက်စပ် သတင်းများ