ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ကျောက်တော်တွင် ၁ဝ ရက်အတွင်း နေအိမ် ၁ အိမ်နှင့် ကုန်စုံဆိုင် ၂ ဆိုင်ဖောက်ထွင်းခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.6k


သဥ္ဇာနွယ်
နိရဥ္စရာ၊ စက်တင်ဘာ ၂/ ၂၀၂၁
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ၁ဝ ရက်အတွင်း နေအိမ် ၁ အိမ်နှင့် ကုန်စုံဆိုင် ၂ ဆိုင် ဖောက်ထွင်းခံလိုက်ရသည်ဟု သတင်းရရှိသည်။
ဖောက်ထွင်းခံလိုက်ရသော နေအိမ်နှင့် ကုန်စုံဆိုင်များမှာ ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်နှင့် ပြည်တော်သာရပ်ကွက်တို့မှဖြစ်ပြီး သြဂုတ်လ ၂၃ ရက်မှ ယနေ့ စက်တင်ဘာလ ၂ ရက်အတွင်း ဖောက်ထွင်းခံလိုက်ရခြင်းဖြစ်သည်။
ယနေ့ စက်တင်ဘာလ ၂ ရက်ညဥ့် ၃ နာရီခန့်က ကျောက်တော်မြို့ မြို့သစ်ရပ်ကွက် ဦးအောင်ဇံဝေလမ်းရှိ ဆိုင်ပိုင်ရှင် ဒေါ်ကျော့ကျော့နွယ်၏ ကုန်စုံဆိုင်ဖောက်ထွင်းခံလိုက်ရသည်ဟု ဒေါ်ကျော့ကျော့နွယ်က ပြောသည်။
“ကျမတို့ဆိုင်ခန်းကို သော့ခတ်ပြီး ထားခဲ့တာ။ သူက သော့နဲ့ဖွင့်တာမဟုတ်ဘဲ သော့ချည်တဲ့သံကြိုးကို ဖြုတ်ပြီး ဖောက်ပြီးယူသွားတာ။ ဆိုင်မှာရောင်းတဲ့ ကုန်ခြောက်ပစ္စည်း ၇ သိန်းဖိုးလောက်ပါသွားတယ်။ ည ၂ နာရီ ၃ နာရီလောက်ထင်တယ်။ မနက်ကျမှ ပျောက်သွားတာကိုသိရတာ။ ပိုက်ဆံအကြွေ ၂ သောင်းလည်းပါသွားတယ်။”ဟု သူမက ပြောသည်။
အလားတူ သြဂုတ်လ ၃၀ ရက်ကလည်း ပြည်တော်သာရပ်ကွက်ရှိ ဒေါ်မသန်းကြိုင်၏ နေအိမ်မှ ရွှေထည်ပစ္စည်းနှင့် ငွေများ ဖောက်ထွင်းခိုးယူခံခဲ့ကြောင်း သိရသည်။
ဒေါ်မသန်းကြိုင်က “ကျမတို့ အိမ်ကနိမ့်တော့ အိမ်အောက်မှာအိပ်နေတုန်း ခိုးယူသွားတာ။ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံ ၇ သိန်း ၂ သောင်းနဲ့ လက်စွပ် တစ်မတ်သား၊ နားဆွဲ တစ်စုံနဲ့ ရွှေကလစ် ၁ စုံပါသွားတယ်။”ဟု နိရဥ္စရာသို့ပြောသည်။
ယင်းအပြင် သြဂုတ်လ ၂၃ ရက်ကလည်း ပြည်တော်သာရပ်ကွက်နေ ကုန်စုံဆိုင်တစ်ဆိုင်မှ တန်ဖိုးကျပ် ၅ သိန်းခန့်ရှိသည့် ရွှေဒေါင်းပျံဆေးပေါ့လိပ်များနှင့် ကျပ် ၉ သောင်းခန့်တန်ဖိုးရှိ Premiere ဆေးလိပ် ၁ဝ တောင့် ဖောက်ထွင်း ခိုးယူခံခဲ့ရကြောင်း ပြည်တော်သာအုပ်ချုပ်ရေးမှူး ဦးရွှေသိန်းမောင်က ပြောသည်။
အဆိုပါ ဖောက်ထွင်းမှုများနှင့်ပတ်သက်ပြီး ဖောက်ထွင်းခံလိုက်ရသည့်နေအိမ်နှင့် ဆိုင်ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများကို တိုင်ကြားထားကြောင်း သိရသည်။
ဓာတ်ပုံ - ကျောက်တော်မြို့ရှိ ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဉ်။

ဆက်စပ် သတင်းများ