ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်တွင် သားက ဖခင်ကို ဓားဖြင့်ခုတ်၍ ဖခင် ပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 544

သျှင်မင်းဇံ
နိရဥ္စရာ၊ စက်တင်ဘာ ၆ / ၂၀၂၁
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကျားနက်ကန်ကျေးရွာအုပ်စု လိပ်မ(ကံချေပြင်)ကျေးရွာ၌ ယနေ့ ၇ နာရီခန့်တွင် သားက ဖခင်ကို ဓားဖြင့် ခုတ်၍ ဖခင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသွားသူမှာ လိပ်မ(ကံချေပြင်)ကျေးရွာမှ ဦးအေးထွန်း (၅၇ နှစ်) ဖြစ်ပြီး ပြစ်မှုကျူးလွန်သူမှာ သားဖြစ်သူ ကိုသန်းစိုးမောင် (၂၇ နှစ်) အရွယ်ခန့်ဖြစ်သည်။
ဦးအေးထွန်းသည် ယနေ့ စက်တင်ဘာ ၆ ရက်တွင် ယောက်ဖဖြစ်သူ၏အိမ်၌ တိမ်းရှောင်နေသည့် ဇနီးနှင့် သားဖြစ်သူအား သွားရောက်၍ လေးခွဖြင့်ပစ်ကာရန်ပြုသည့်အတွက် သားက မိခင်ကို ရန်ပြုမရအောင် ဝင်ရောက်တားဆီးသည့်အနေဖြင့် ဓားဖြင့် ခုတ်လိုက်ရာ လက်လွန်၍ ဖခင်ဖြစ်သူ သေဆုံးသွားခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးထွန်းဦးကျော်က နိရဥ္စရာသို့ ပြောသည်။
“ဓားနဲ့ခုတ်လိုက်တာ အဖေဖြစ်သူမှာ ဘယ်ဘက်လက်မောင်းနားကနေ ပိုင်းပြတ်သွားတယ်။ ပြီးတော့ ဝမ်းဗိုက်ပွင့်သွားတယ်။ ခေါင်းမှာလည်း ထိသွားတယ်။ ပွဲချင်းပြီးသေသွားပါတယ်။” ဟု ပြောသည်။
သေဆုံးသွားသူတွင် သားသမီး (၄)ဦးရှိပြီး အိမ်ထောင်ကျနေသည့်သားသမီးများလည်းရှိကြောင်း သိရသည်။
သေဆုံးသွားသူသည် အရက်သောက်ပြီး မိသားစုကို ရန်ပြုနေမှုကြောင့် မိသားစုတစ်ခုလုံး ဆွေမျိုးအိမ်တွင်တိမ်းရှောင်နေရသည်မှာ တစ်လခန့်ရှိနေပြီဟုလည်း သိရသည်။
လက်ရှိတွင် ပြစ်မှုကျူးလွန်သူအား ကျေးရွာသားများက ဖမ်းဆီးကာ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်တွင် ချုပ်နှောင်ထားကြောင်း သိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းကိုမူ ကျေးရွာသုဿာန်၌ ယခုညတွင်းချင်းသင်္ဂြိုလ်နေသည်ဟု ကျေးရွာသားများက ပြောသည်။

ဆက်စပ် သတင်းများ